စွန့်လွှတ်စာချုပ်ဖြင့် ပိုင်ဆိုင်ထားသည်ဟု ဆိုသူထံမှ အိမ်နှင့်မြေကို ဝယ်လျှင်

“စွန့်လွှတ် စာချုပ်ကို မှတ်ပုံတင် ပြုလုပ်မှ ဥပဒေအရ တရားဝင်တာမဟုတ်ဘူူလား ဆရာ” ဟု တပည့် တစ်ဦးက စာရေးသူ ထံ ရောက်လာပြီး ဆွေးနွေးပါသည်။

“မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း အိမ်၊ မြေစတာတွေ ဆိုရင်တော့ တန်ဖိုးကလည်း ကျပ်တစ်သိန်း အောက်မဟုတ်ရင် စွန့်လွှတ်စာ ချုပ်ကို မှတ်ပုံတင်ဖို့လိုပါတယ်။ အခု ကိစ္စက ဘယ်လိုဖြစ်လို့လဲ” စာရေးသူက ဖြစ်စဉ်ကို မေးလိုက် မိပါသည်။

“ဒီမြေနဲ့ အိမ်က မောင်နှမ လေးဦးပိုင်တာ ဆရာ။ သုံးဦးလုံးက သူတို့ဝေစုကို ကျန်တစ်ယောက် ဖြစ်တဲ့ ဒေါ်မြမြအုန်းကို စွန့်လွှတ် ပေးခဲ့တယ်လို့ ဆိုတယ်။ စွန့်လွှတ် ကတိစာချုပ်ကို နိုတြီပဗ္ဗလစ်တစ်ဦး ရှေ့မှာ ချုပ်ဆိုထားတယ်။ အခု အဲဒီမြေနဲ့ အိမ်ကို ရောင်းမယ်လုပ် တော့ စွန့်လွှတ်တယ်ဆိုတဲ့ သုံးဦး ထဲက အစ်ကိုကြီးဖြစ်သူက သူ ကိုယ်တိုင် လက်မှတ်ထိုးထားတာ မဟုတ် လို့ သဘောမတူဘူး။ စာ ချုပ်ကလည်း မှတ်ပုံတင် စာချုပ် ပြုလုပ်မထားတာကြောင့် တရားမ ဝင်ဘူးဆိုပြီး ကန့်ကွက်နေတယ် ဆရာ”

“စွန့်လွှတ်စာချုပ်မှာ အစ်ကို ကြီးဖြစ်သူက လက်မှတ်မထိုးထား ဘူးဆိုတော့ သူ့ကိုယ်စား ဘယ်သူ က လက်မှတ်ထိုးထားသလဲ၊ သူ့ ဇနီးက လက်မှတ်ထိုးတာလား”

“မဟုတ်ဘူး ဆရာ၊ သူ့ညီက သူ့ကိုယ်စား လက်မှတ်ထိုးထား တယ်လို့ ပြောတယ်။ အဲဒီကာလက အစ်ကိုကြီးဖြစ်သူက အိမ်ထောင် မ ကျသေးဘူးလို့လည်း ပြောတယ်”

“လူပျိုကြီးပဲ ရှိသေးတယ်ပေါ့၊ ဘယ်မှာ အလုပ်လုပ်လို့ သူက မရှိ ရတာလဲ”

“လာရှိုးမြို့ လျှပ်စစ်ရုံးမှာ လုပ်နေတော့ မလာအားလို့လို့ ပြော တာပဲ ဆရာ”

“အစ်ကိုကြီး မလာနိုင်တာနဲ့ ညီဖြစ်သူက သူ့ကိုယ်စားလက်မှတ် ထိုးလိုက်တာပေါ့၊ ဒါဆိုရင် အစ်ကိုကြီးက ညီဖြစ်သူကို သူ့ကိုယ်စား လုပ်ပိုင်ခွင့်၊ ကိုယ်စားလှယ်စာ ပေး ထားတာရှိလား”

“နိုတြီပဗ္ဗလစ်နဲ့ လုပ်ထားတဲ့ အထူးကိုယ်စားလှယ် လွှဲစာ (Special Power) တစ်ခုတော့ရှိတယ်”

“အထွေထွေ ကိုယ်စားလှယ် စာ (General Power) မဟုတ်တဲ့ အတွက် ဘာအတွက်ပြုလုပ်ဖို့ ကိုယ်စားလှယ်လွှဲအပ်တယ်လို့ ရေး ထားလဲ”

“ဒီအိမ်နဲ့ မြေအရောင်းအ ဝယ် ပြုလုပ်တဲ့အခါ သူ့ကိုယ်စား ဆောင်ရွက်ဖို့လို့ ဖတ်လိုက်မိတယ် ဆရာ”

“ဟုတ်ပြီ၊ ဒါဆိုရင် စွန့်လွှတ် စာချုပ် ချုပ်ဆိုဖို့အတွက် ကိုယ်စား ဆောင်ရွက်ခွင့်ပေးတာ ဖော်ပြထား သေးလား၊ အရောင်းအဝယ် ကိစ္စ တစ်ခုတည်း အတွက်လား”

“အင်း ကိုယ်စားလှယ်လွှဲစာ မှာ စွန့်လွှတ်စာချုပ်အတွက် မပါ ဘူး ထင်တယ်ဆရာ၊ အရောင်းအ ဝယ် ကိစ္စတစ်ခုတည်းလို့ပဲ ဖတ် လိုက်မိတယ်”

“ဒါဆိုရင်တော့ စွန့်လွှတ် စာချုပ်မှာ ညီဖြစ်သူက အစ်ကိုကြီး ကိုယ်စား လက်မှတ်ရေးထိုးခွင့်မရှိ ဘူးပေါ့ကွယ်”

“ဒီလိုဆိုရင် စွန့်လွှတ် စာချုပ် က တရားမဝင်တော့ဘူးပေါ့နော်”

“သူ့ကိုယ်စား လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်တဲ့အတွက် သူ့ ကိုယ်စား ဆောင်ရွက်ချက်ကတော့ တရားမဝင်ဘူး၊ သူ့အနေနဲ့ သူ့ရဲ့ ဝေစု ကို စွန့်လွှတ်ခြင်းမရှိသေးဘူး လို့ သဘောသက်ရောက်နေတယ်”

“စွန့်လွှတ်စာချုပ်တစ်ခုလုံး တော့ မပျက်ပြယ်ပါဘူးနော်”

“အမှန်ကတော့ ဥပဒေအရ ကြည့်မယ်ဆိုရင် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ အိမ်ခြံ မြေ ဆို ရင်တော့ မေတ္တာနဲ့ ပေးကမ်း တာ ပဲ ဖြစ်ဖြစ်၊ စွန့်လွှတ်တာပဲ ဖြစ်ဖြစ် စာချုပ်စာတမ်း မှတ်ပုံတင် အက် ဥပဒေနဲ့ အညီ မှတ်ပုံတင်ချုပ်ဆို ဖို့လိုအပ်တယ်။ ဘာလို့လဲဆိုရင် စွန့်လွှတ်ခြင်းဆိုတာက ပူးတွဲပိုင် ရှင်တစ်ဦးမှ မိမိပိုင်ဆိုင်တဲ့ ဝေစု ရပိုင်ခွင့်ကို တစ်ဦးတစ်ယောက် အား အပြီးအပိုင် လွှဲပြောင်းပေး အပ်တဲ့ သဘောဖြစ်လို့ စွန့်လွှတ် စာချုပ်ကို မှတ်ပုံတင်ပြုလုပ်မှသာ ဥပဒေအရ တရားဝင်လွှဲပြောင်းရ ယူပိုင်ဆိုင်မှာ ဖြစ်တယ်”

“အစ်ကိုကြီးဖြစ်တဲ့ ကိုယ်စား လှယ်စာအရ လုပ်ပိုင်ခွင့်မရှိဘဲ ကိုယ်စားဆောင်ရွက်ချက်ဟာ ဥပဒေအရ ပျက်ပြယ်နေတယ်ဆို တော့ အစ်ကိုကြီးရဲ့ စွန့်လွှတ်ခြင်း ကလည်း တရားမဝင်ဘူးပေါ့နော် ဒါကြောင့် ရောင်းချတာကို ကန့် ကွက်နေတာပဲဖြစ်မယ်”

“ဒါနဲ့ ပတ်သက်လို့ ရှင်း အောင်ပြောရရင် ဦးယုကြည်နှင့် ဦးအောင်ခင်ဦးပါ (၄)-၁၉၈၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၃ဝ၈ အမှုမှာ ဦးအောင်ခင်ဦးတို့က မောင်နှမ ငါးဦး ရှိတယ်။ ဦးယုကြည်က ညီမ အငယ်ဆုံး ဒေါ်စန်းစန်းနွယ်ရဲ့ ခင်ပွန်းဖြစ် ပြီး ဒေါ်စန်းစန်းနွယ်က ကွယ်လွန်သွားပြီဖြစ်တယ်။ ဦးယုကြည်က အချင်းဖြစ် မြေနဲ့အိမ်ကို ကျန်တဲ့ ဦးအောင်ခင်ဦး အပါအ ဝင် မောင်နှမ လေးဦးက သူ့ဇနီး ဒေါ်စန်းစန်းနွယ်အား စွန့်လွှတ် စာချုပ်ပြုလုပ်ပေးခဲ့တယ်။ ဒေါ်စန်း စန်းနွယ်ကသာ အကျိုးခံစားစေရန် အတွက် သူတို့ရဲ့ ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခဲ့တာကြောင့် ဇနီးသည် တစ်ဦးတည်းကသာ ပိုင်ဆိုင် ကြောင်း တင်ပြတယ်။ ချုပ်ဆိုထား တဲ့ စွန့်လွှတ်စာချုပ်ဟာမှတ်ပုံတင် ထားပြီး ဦးအောင်ခင်ဦး ကိုယ်စား ညီမဖြစ်သူက လက်မှတ်ထိုးခဲ့ တယ်။ ဒီနေရာမှာ တရားရုံးတော် ကနေ ဆုံးဖြတ်ထားတာက ညီမ ဖြစ်သူအနေဖြင့် ဦးအောင်ခင်ဦး ကိုယ်စားလက်မှတ်ထိုးရာမှာ စွန့် လွှတ်ကြောင်း လက်မှတ်ရေး ထိုးနိုင် ရန် ကိုယ်စားလှယ်လွှဲအပ်ထား သည်ဟု ကိုယ်စားလှယ်စာတွင် မပါသည့်အတွက် အချင်းဖြစ် ပစ္စည်းမှာ ဦးအောင်ခင်ဦးက ပူးတွဲ ပိုင်ရှင်အဖြစ် ရှိနေသေးသည်လို့ ဆုံးဖြတ်ထားတယ်”

“ဒါဆို အခုကိစ္စမှာလည်း အစ်ကိုကြီးက ကန့်ကွက်ပိုင်ခွင့်ရှိ တာပေါ့နော်”

“မှန်ပါတယ်။ သူက ပူးတွဲပိုင် ရှင်အဖြစ် ရှိနေဦးမှာဖြစ်တယ်”

“တစ်ဆက်တည်း မှတ်သား စရာလေးတစ်ခုကို ပြောပြရဦးမယ်၊ အစောကပြောတဲ့ တရားစီရင်ထုံး မှာပဲ၊ ဦးအောင်ခင်ဦးတို့ ပြုလုပ် ချုပ်ဆိုတဲ့့ စွန့်လွှတ်စာချုပ်ဟာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် ချုပ်ဆိုထားပေမယ့် ဥပ ဒေအရ သတ်မှတ်ထားတဲ့ ကာလ အတွင်း မှတ်ပုံမတင်လို့ ဥပဒေနဲ့ မညီဆိုပြီး ဆုံးဖြတ်ထားတယ်၊ အဲဒီ စီရင်ချက်မှာ-

“သက်သေခံ စွန့်လွှတ်စာချုပ် ကို စာချုပ်စာတမ်းများ မှတ်ပုံတင် ရေး အက်ဥပဒေ ပုဒ်မ ၂၃ အရ သတ်မှတ်ထားသည့် လေးလကာလ အတွင်း မှတ်ပုံတင်ခြင်းမဟုတ်ပေ။ ကာယကံရှင်များ လက်မှတ်ရေးထိုး ထားသည့် နေ့မှာ ၁၅-၆-၆၉ နေ့ကဖြစ်ပြီး အဆိုပါ စွန့်လွှတ် စာချုပ်ကို မှတ်ပုံတင် အရာရှိထံ တင်ပြ၍ မှတ်ပုံတင်ခဲ့သည်နေ့မှာ ၃-၇-၇၈ နေ့ဖြစ်သဖြင့် စာချုပ် စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၂၃ နှင့်အညီ မှတ်ပုံတင် ခြင်းမရှိသောကြောင့် စွန့်လွှတ်ခြင်း သည် အတည်ဖြစ်သည်ဟု ဆိုနိုင် မည် မဟုတ်ပေ။ ထိုအခြေအနေ ကြောင့် အချင်းဖြစ်နေအိမ်နဲ့မြေ မှာ ဦးအောင်ခင်ဦးတို့ မောင်နှမ ငါးဦးနှင့် ဆိုင်သော အမွေဆိုင်ဖြစ် ကြောင်း” ဆုံးဖြတ်ခဲ့တယ်။

“ဒါဆို နိုတြီပဗ္ဗလစ်နဲ့ လုပ် ထားတဲ့ စွန့်လွှတ်စာချုပ်ကို အခုမှ မှတ်ပုံတင် ပြုလုပ်မယ်ဆိုရင် ကာလစည်းကမ်းသတ် လေးလ ကျော် ပြီဖြစ်လို့ တရားမဝင်တော့ ဘူးပေါ့နော်”

“မှန်ပါတယ်။ ဒါကြောင့် ဥပဒေအရ ဆိုရင်တော့ တပည့်ရဲ့ ကိစ္စမှာ မောင်နှမ လေးဦးလုံး တရားဝင် ပိုင်ဆိုင်လျက်ရှိနေသေးတယ်” လို့သာ ဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်