မြေကို ခွဲစိတ်ခွင့် မရသော်လည်း မှတ်ပုံတင် အရောင်းစာချုပ်ချုပ်ဆိုနိုင်ခြင်း
“တရားဝင်မခွဲစိတ်ရသေးတဲ့ မျက်နှာစာဆယ်ပေ၊ အရှည် ပေခြောက်ဆယ်ရှိ မြေကွက်ကို ဝယ်ရင် တရားဝင် ပိုင်ဆိုင်ခွင့်ရပါ သလား” ဟု မိတ်ဆွေတစ်ဦးက မေးပါသည်။
“ဘိုးဘွားပိုင်မြေနဲ့ ဂရန်မြေဆိုရင် အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ပြုလုပ်ချုပ်ဆိုနိုင်လို့ တရားဝင်ဝယ်ယူနိုင်ပါတယ် အခု ဝယ် မယ့် မြေကွက်က ဘယ်နေရာ မှာလဲ၊ ရန်ကုန်တိုင်းထဲမှာပဲလား”ဟု ကျွန်တော်ကမေးမြန်းလိုက်ပါသည်။
“ဒဂုံမြို့သစ်မှာပါ”
“ဒါဆိုရင်တော့ ဂရန်မြေ တွေဖြစ်ဖို့များပါတယ်”
“မြေကွက်အမည်ပြောင်း လို့ရပါသလား” မိတ်ဆွေက မေး ခွန်းထုတ်ပြန်ပါသည်။
“မြေကွက် အမည်ပြောင်းဖို့ကတော့ မရဘူး၊ အကြောင်းက ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီရဲ့ လုပ်ထုံးလုပ် နည်း အရ ဘိုးဘွားပိုင်မြေနဲ့ ဂရန် မြေတွေကို ခွဲစိတ်ဖို့ လျှောက်ထား ရင် ခွဲစိတ်ပြီးတဲ့ မြေကွက်အတိုင်း အတာဟာ မျက်နှာစာဘက် အ နည်းဆုံး ပေ ၂ဝ ရှိရပါမယ်။ ခွဲ စိတ်ပြီး မြေကွက်ဧရိယာဟာ အ နည်းဆုံး စတုရန်းပေ ၁၂ဝဝရှိရပါမယ်။ ပြီးတော့ ခွဲစိတ်ပြီးတဲ့ မြေ ကွက် အားလုံးမှာ ဝင်ထွက်သွားလာ နိုင်တဲ့ လမ်းရှိရမှာဖြစ်တယ်။ ဒါ ကြောင့် မျက်နှာစာဘက် ၁ဝ ပေရှိ တဲ့ မြေကွက်ကိုတော့ ခွဲစိတ်ပေးမှာ မဟုတ်ဘူး”
“အခုရောင်းမယ့် အိမ်က ပေ ၂ဝ မြေကွက်မှာ ညီမနှစ်ယောက် ဆယ်ပေစီခွဲပြီး အိမ်ဆောက်နေကြတာဖြစ်တယ်။ လျှပ်စစ် မီတာ ဘောက်စ် လည်း သီးခြားစီ၊ ရေကတော့ လက်တုန် ကင်ရေရတယ်”
“ရေမီးစုံ အိမ်ပါတယ်ဆို တော့ ကောင်းတာပေါ့”
“သူငယ်ချင်းပြောသလို အရောင်းအဝယ်မှတ်ပုံတင် စာ ချုပ်တော့ချုပ်လို့ရတယ်ပေါ့”
“ဒီမှာလည်း ရောင်းသူက မြေဂရန်အမည်ပေါက်ဖို့ လိုတယ်။ ရောင်းသူဟာ အရပ်စာချုပ်အဆင့်ဆင့်နဲ့ ဝယ်ထားတဲ့ သူဆိုရင် တော့ မှတ်ပုံတင်စာချုပ်ချုပ်လို့ရမှာမဟုတ်ဘူး။ အခုသူငယ်ချင်း ဝယ်မယ့် ဆယ်ပေမြေကွက်ပါရှိ တဲ့ ပေ ၂ဝ မြေကွက်မှာ ဂရန်အ မည်ပေါက် က ညီမနှစ်ဦး ဟုတ်မဟုတ်သေချာကြည့်ဖို့လိုတယ်။ တစ်ခါတစ်ရံ ပေ ၂ဝ မြေကွက်ရဲ့ ဂရန်အမည်မှာ မိဘ အမည်ပေါက် ဖြစ်နေ တတ်တယ်။ ဒါဆိုရင်လည်း သားသမီးတွေက အမွေဆက်ဆံ ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ကြေ ညာစာချုပ် ပြု လုပ်ပြီး သူငယ်ချင်း ဝယ်မယ့် ၁ဝ ပေ မြေကွက်ကို မခွဲမစိတ်ရသေးသော မြေကွက်အဖြစ် ဖော်ပြလို့ အရောင်းအဝယ်မှတ်ပုံ တင် စာချုပ်ကို ချုပ်ဆိုနိုင် ပါတယ်”
“တကယ်လို့ မြေအမည် ပေါက်မဟုတ်ဘဲ အရပ်စာချုပ်နဲ့ အဆင့်ဆင့် ဝယ်ထားတဲ့ မြေဆို ရင် ဘာဖြစ်နိုင်သလဲ”
“ဒီအခြေအနေမျိုးဆိုရင် တော့ အခက်အခဲနည်းနည်းရှိ မယ်၊ သူငယ်ချင်းကို ရောင်းတဲ့သူ ရယ်၊ မူလ ဂရန်အမည်ပေါက်သူ တို့ အပေါ် ဝယ်သူက မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ပြုလုပ် ပေးရန် တရားရုံးထံ တရားစွဲ တောင်းခံရမှာဖြစ်ပါတယ်”
“ဂရန်အမည်ပေါက်သူ က ရှာမတွေ့လို့ တရားရုံးမလာဘူး ဆိုရင် ဘယ်လိုလုပ်မလဲ”
“ဂရန်အမည်ပေါက်သူရဲ့ လိပ်စာမသိရင် တရားရုံးက သတင်းစာထဲမှာ ထည့်သွင်းကြေ ညာပေးပါတယ်။ တရားရုံးရဲ့ သတ် မှတ်တဲ့ ရုံးချိန်မှာ ဂရန်အမည် ပေါက်သူ၊ မြေကွက်ရောင်းချသူတို့ တရားရုံးကိုမလာဘူးဆိုရင် တရား ရုံးရဲ့ အမိန့် ဒီဂရီအတိုင်း ရုံးအုပ် ဖြစ်တဲ့ (ဘိလစ်) ဖြစ်သူက တာဝန် ယူ လက်မှတ်ထိုး ဆောင်ရွက်သွား မှာ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ ဗဟုသုတအဖြစ် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုတစ်ခုကို ဖတ် ပြမယ်”
“ဦးမြလှိုင်နှင့် ဒေါ်လှလှရီ ၂ဝဝ၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၃၂၄”အမှု မှာ ဦးမြလှိုင်က ဒေါ်လှလှရီအ ပေါ် ပဋိညာဉ်အတိုင်း မှတ်ပုံတင် အရောင်းစာချုပ် ချုပ်ဆိုပြီး အိမ်ကို လက်ရောက်ရလိုမှု စွဲဆိုရာ မူ လ တရားရုံးက အမှုအားပလပ် လိုက်သဖြင့် အထူးအယူခံခုံရုံးထိ အယူခံဝင်လာသော အမှုဖြစ် သည်။
အထူးအယူခံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ ရန်ကုန်မြို့ ဒေါပုံမြို့နယ် လူနေရပ်ကွက်၊ မြေ ကွက်အမှတ် ၁၃၆၊ အကျယ် ၂၅ပေx ၅ဝပေရှိသော ဒေါ်လှလှရီနှင့် ဒေါ်ခင်ကြည် အမည်ပေါက် မြေငှားဂရန်မြေပေါ်တွင် ဒေါ်လှလှရီနှင့် ဒေါ်ခင်ကြည်တို့သည် နှစ်ဦး သဘောတူ ၄င်းတို့ခွဲဝေရရှိ သော မြေအစိတ်အပိုင်း၌ သီးခြား အိမ်ဆောက်၍ နေထိုင်ကြသည်။
ဒေါ်လှလှရီသည် ၄င်းနေ ထိုင်သော ၁၂ ½ ပေx ၅ဝ ပေရှိ မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အိမ်ကို ဦးမြလှိုင်အား ငွေကျပ် ငါး သောင်းဖြင့် အရောင်းအဝယ်ပြု လုပ်ရန် သဘောတူညီကြပြီး ၁ဝ.၁၁.၉၃ နေ့တွင် အိမ်မြေအ ရောင်းအဝယ် ကတိစာချုပ်ကို ချုပ်ဆိုကာ ဒေါ်လှလှရီသို့ စရန်ငွေ လေးသောင်းကျပ်ပေးချေသည်။ ကျန်ငွေကို ခြောက်လအတွင်း ပေးချေရန် သဘောတူခဲ့ကြ သည်။
၁ဝ.၅.၉၄ နေ့တွင် ဒေါ် လှလှရီထံသို့ ကျန်ငွေတစ်သောင်းကျပ် လက်ခံပြီး အိမ်မြေလက် ရောက်ပေးအပ်ရန် တောင်းဆိုရာ ငြင်းဆန် သဖြင့် ယခုအမှုကို စွဲဆို ခြင်းဖြစ်သည်။
ဒေါ်လှလှရီတို့ဘက်မှ မြေငှားဂရန်တွင် မြေဂရန်အငှားချထားသူ၏ ခွင့်ပြုချက်မရဘဲ ၄င်းမြေကို ခွဲစိတ်လွှဲပြောင်း ငှားရမ်း ခြင်းမပြုရဟု တားမြစ်ချက်ပါရှိ ကြောင်း၊ ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၂၃ (က)အရ၊ ဥပဒေအရ တားမြစ်ထားသော သဘောတူညီ ချက်တစ်ရပ် သည် ပျက်ပြယ်သည် ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ် ၍ ဂရန်ထုတ်ပေးသည့် အရာရှိ၏ ခွင့်ပြုချက်မရဘဲ ခွဲစိတ်ရောင်းချ ခြင်းသည် တရားမဝင်၍ ဦးမြလှိုင်နှင့် ဒေါ်လှလှရီတို့၏ ၁၂ ½ ပေx ၅ဝ ပေ မြေအိမ်အရောင်းအဝယ် ကတိစာချုပ်မှာ ပျက်ပြယ်သွား ပြီဖြစ်ကြောင်း ထုချေသည်။
မြေကွက်အမှတ် ၁၃၆ အကျယ် ၂၅ ပေx ၅ဝပေရှိသော မြေကွက်သည် မြေငှားဂရန်၌ ဒေါ်လှ လှရီနှင့် ဒေါ်ခင်ကြည် အမည်ပေါက်ဖြစ် သည်။ ဒေါ်လှလှရီနှင့် ဒေါ်ခင်ကြည်တို့သည် မြေကွက် ကို တရားဝင်ခွဲစိတ်ရခြင်းမရှိသေး စေကာမူ မိမိပိုင်ဆိုင်ခွင့် ရှိသည့် အချိုးဝေစုအတွက် ရောင်းချခြင်း သည် အတည်ဖြစ်သဖြင့် ဦးမြလှိုင် နှင့် ဒေါ်လှလှရီတို့၏ စေရန်ပေး ထားသည့် အရောင်း အဝယ် ကတိ စာချုပ်မှာ ပျက်ပြယ်သော စာချုပ် တစ်ခုဖြစ်သည်ဟု ကောက်ယူ၍ မရကြောင်း ဆုံးဖြတ်ပြီး ဦးမြလှိုင် ၏ စွဲဆိုချက်ကို ခွင့်ပြုခဲ့ သည်။
“အခုဖတ်ပြတဲ့ စီရင်ထုံး အရဆိုရင်တော့ တရားဝင် မှတ်ပုံ တင်စာချုပ် ချုပ်ဆိုဝယ်ယူနိုင်မှာ ဖြစ်တယ် သူငယ်ချင်း”
“ရောင်းသူက ဂရန်အ မည်ပေါက်ဖြစ်၊ မဖြစ်….”
သူငယ်ချင်း၏ စကားမဆုံး မီမှာပင် ကျွန်တော်က –
“အေး၊ ဂရန်အမည်ပေါက် ဖြစ်တယ်ဆိုရင်တော့ ဝယ်သာ ဝယ်လိုက်ဟုသာ အကြံပေးပြော ဆိုခဲ့ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်