အိမ် ခြံ မြေ ပူးတွဲပိုင်ရှင်တို့ကသာ စွန့်လွှတ်စာချုပ် ချုပ်ဆိုနိုင်ခြင်း

“ဖုန်းမနေ့က ဆက်ထားလို့ စောင့်နေတာသူငယ်ချင်း၊ လာထိုင်ဗျာ” ဟု စာရေးသူ၏ ရုံးခန်းသို့ ရောက် လာသော ငယ်သူငယ်ချင်း ဦးဝင်းနိုင် ကို နှုတ်ဆက်ကြိုဆိုလိုက်ခြင်းဖြစ်ပါသည်။

“အိမ်မြေဝယ်မယ်ဆိုတော့ သူငယ်ချင်းကို သတိရမိလိုက်တယ်။ စျေးကွက်ဂျာနယ်မှာ သူငယ်ချင်းရဲ့ ဆောင်း ပါးတွေ ဖတ်ရပါတယ်”

“ဘယ်မှာ ဝယ်မှာလဲ။ မြေအမျိုး အစားက ဘာလဲ သိလား”

“ပေလေးဆယ်ပေခြောက် ဆယ် ဂရန်မြေပေါ်မှာ အိမ်နှစ်လုံး ဆောက်ထားတယ်”

“အခု ဝယ်မှာက မြေတစ်ကွက်လုံးကို ဝယ်မှာလား”

“ခြေရင်းဘက်က ပေ ၂၀ x ပေ ၆၀ မြေပေါ်ရှိ အိမ်ကို ဝယ်မယ်လို့ စိတ်ကူးထားတာပါ”

“မြေကွက်ကို တရားဝင်ခွဲစိတ်ထားတာမဟုတ်ဘဲ မိမိတို့ သဘောအတိုင်း ခွဲစိတ်ပြီး အဆင့်ဆင့်ရောင်းထားတဲ့ မြေကွက်ဖြစ်နေတတ်တယ်”

“ခွဲစိတ်ထားတဲ့ ဂရန်မြေလားမေးတော့ မဟုတ်ဘူးဖြစ်နေတယ်။ ပြီးတော့ ဂရန်မူရင်းက ခေါင်းရင်းအိမ်မှာနေတဲ့ သူ့အစ်မလက်ထဲမှာလို့ သိရတယ်”

“ဒါဆိုရင် မွေးချင်းတွေခွဲနေကြတဲ့ သဘောမဟုတ်လား”

“ဟုတ်တယ် သူငယ်ချင်း၊ ရှေ့ဘက်ခေါင်းရင်းအိမ်က အစ်မ အရင်းနေပြီး၊ နောက်ဘက်ခြေရင်း အိမ်က မောင်ဖြစ်သူနေတယ်””

“အခုရောင်းမှာက မောင်တော်စပ်တဲ့ သူရဲ့ မြေနဲ့ အိမ်ကို ရောင်းမှာ မဟုတ်လား”

“ဟုတ်တယ်။ သူက ကျန်းမာရေးမကောင်းလို့ ငွေလိုနေတာကြောင့် ရောင်းမှာသူငယ်ချင်း”

“သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင်တော့ မောင်နှမနှစ်ဦးသဘောတူ မြေတိုင်းခွဲဝေပြီး အိမ်ဆောက်နေကြတဲ့ သဘောဖြစ်မယ်။ အခြားမောင်ရင်းနှမတွေရှိသေးလား၊ ဘယ်လို သိထားလဲ”

“မောင်နှမနှစ်ယောက်တည်းရှိတယ်လို့တော့ ပြောတာပဲ”

“ဒါကတော့ အရောင်းအဝယ်ဖြစ်ရင် သတင်းစာထဲ ကန့်ကွက်သူရှိ မရှိ ကြော်ငြာမယ်။ အနီးအနားစုံစမ်း လိုက်ရင် မွေးချင်းမောင်နှမကိစ္စကို သိလာမှာပါ။ မွေးစားသားသမီးရှိခဲ့ရင်လည်း အဖြေထွက်လာမှာပါ”

“ဂရန်အမည်ပေါက်က သူတို့ မောင်နှမနှစ်ဦးအမည်မပေါက်တော့ ဘယ်လို ဆောင်ရွက်ရမလဲ”

“ဂရန်အမည်ပေါက်က ဘယ်သူ့ အမည်လဲ သိခဲ့လား”

“သူတို့ရဲ့ ဖခင်အမည်ပေါက်လို့ ပြောပါတယ်။ သူတို့ ဖခင်က စာရင်းရုံးကဖြစ်ပြီး မိခင်က မူလတန်းပြ ကျောင်းဆရာမလို့ ပြောတယ်”

“ဒါဆို မိဘတွေ ဝန်ထမ်းဘဝက ရခဲ့တဲ့ မြေကွက်ဖြစ်မှာပေါ့”

“မိခင်မကွယ်လွန်မီက သူ့ဝေစုတစ်ဝက်ကို သားဖြစ်သူအား စွန့်လွှတ်ပေးကမ်းခဲ့တဲ့ စာချုပ်ရှိတယ်လို့ ချွေးမဖြစ် သူက ပြောပါတယ်”

“သူငယ်ချင်းပြောစကားအရ ဆိုရင် တစ်ခုခုလွဲနေပြီထင်တယ်”

“ဘယ်အချက်က လွဲမှားနေလို့လဲ”

“သူငယ်ချင်းပြောတဲ့ စွန့်လွှတ်အပေးစာချုပ်ဆိုတာပဲ။ ဥပဒေအရ ပြောရရင်တော့ စွန့်လွှတ်ခြင်းက ကိစ္စတစ်ခု။ ပေးကမ်းခြင်းက ကိစ်္စတစ်ခုအကြောင်းအချင်းအရာပုံစံချင်း မတူဘူး”

“စွန့်လွှတ်ခြင်းဆိုတာက ပစ္စည်းတစ်ခုအပေါ် ပူးတွဲပိုင်ရှင်အချင်းချင်းနဲ့ သက်ဆိုင်တယ်။ ပေးကမ်းခြင်းဆို တာက ပစ္စည်းပူးတွဲပိုင်ရှင်တွေကဖြစ်စေ၊ ပိုင်ရှင်တစ်ဦးတည်းကဖြစ်စေ၊ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းကို အခြားသူ တစ်ဦးဦးကို ပေးကမ်းခြင်းဖြစ်တယ်”

“ဒါဆိုရင် မိခင်ဖြစ်သူက သားကိုပေးခဲ့တဲ့ ပေးကမ်းစာချုပ်ဖြစ်နိုင်တာပေါ့”

“သူငယ်ချင်းကို ပြသလား”

“ထုတ်တော့ မပြဘူး။ ချွေးမဖြစ်သူရဲ့ အပြောပဲရှိတာ”

“အပိုင်ပေးစာချုပ်ပဲ ဖြစ်နိုင်ပါတယ်။ စွန့်လွှတ်စာချုပ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ မိခင်ဖြစ်သူနဲ့သားဖြစ်သူက ပူးတွဲပိုင်ရှင်မဟုတ်လို့ စွန့်လွှတ်သည့် သဘောဆောင်ရွက်လို့ မရဘူး”

“စွန့်လွှတ်စာချုပ် ချုပ်ရင် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ဖို့လိုသလား”

“လိုပါတယ်။ ဒါပေမယ့် ပစ္စည်းတန်ဖိုးသတ်မှတ်ချက်ရှိတယ်”

“ဘယ်လို တန်ဖိုးသတ်မှတ်ထားသလဲ”

“၂၀၁၈ ခုနှစ်က ပြဋ္ဌာန်းတဲ့ စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ – ၁၆ (ခ) မှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်း၌ ဖြစ်စေ၊ ယင်းနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ တန်ဖိုးငွေကျပ် တစ်သိန်းနှင့် အထက်ရှိ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ စွန့်လွှတ်ခြင်းခိုင်မာစေရန် ပြုလုပ်သည့် စာချုပ်စာတမ်းများသည် ဤဥပဒေအရ မှတ်ပုံမတင်မ နေရ စာချုပ်စာ တမ်းများအဖြစ် သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် စွန့်လွှတ်တဲ့ပစ်္စည်းဟာ တန်ဖိုးအားဖြစ် တစ်သိန်းကျပ်နှင့် အထက်ဖြစ်ပါက စွန့်လွှတ်စာချုပ်ကို မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်”

“မှတ်ပုံမတင်ခဲ့ရင် တရားမဝင်ဘူးပေါ့”

မှန်ပါတယ်။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တဲ့ ဦးယုကြည်နှင့် ဦးအောင်ခင်ဦးပါ (၄) ဦး ၁၉၈၄ ခုနှစ် မြန်မာနိုင်ငံတရား စီရင်တုံး စာမျက်နှာ – ၃၀၈ အမှုမှာ မိဘများကွယ်လွန်၍ သားသမီးငါးဦးက အမွေ ဆက်ခံခွင့်ရှိသည်။ မောင်နှမလေးဦးက တစ်ဦးအား မိမိတို့၏ ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ပေးကြောင်း ကာယကံရှင် အားလုံးက လက်မှတ်ရေးထိုးထားပြီးနောက်မှ မှတ်ပုံတင် စာချုပ်ပြုလုပ်သည်။ မှတ်ပုံတင် ဥပဒေ ပုဒ်မ – ၂၁ အရ မှတ်ပုံတင်ပြုလုပ်ရန် သတ်မှတ်ကာလလေးလကျော်ပြီးမှ ပြုလုပ်ခြင်းဖြစ်၍ စွန့်လွှတ်ခြင်း အတည်အဖြစ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အားလုံးသဘောတူ စွန့်လွှတ်ကတိစာချုပ် ချုပ်ထားရင်လည်း သတ်မှတ်ရက် ကာလ လေးလအတွင်း မှတ်ပုံတင်စာချုပ်ရုံးမှာ မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုမှ တရားဝင်မှာဖြစ်တယ်”

“အခုကိစ္စက ဘယ်လိုဖြစ်နိုင်သလဲ”

“မိဘများ ကွယ်လွန်သွားပြီဖြစ်လို့ ဒီ ပေ ၄၀ x ပေ ၆၀ မြေကွက်ကို မောင်နှမနှစ်ဦးလုံးက အမွေဆက် ခံခွင့်ရသွားမှာဖြစ်တယ်”

“ဒါဆိုရင် ပေ ၄၀ x ပေ ၆၀ မြေကွက်က မောင်နှမနှစ်ဦးပူးတွဲ ပိုင် ရှင်ဖြစ်သွားတဲ့ သဘောလား”

“ဟုတ်ပါတယ်။ ဒါကြောင့် ဒီမြေကွက်ကို ဝယ်မယ်ဆိုရင် ပထမဆုံး ဒီမြေကွက်ဟာ မောင်နှမနှစ်ဦးအမွေ ဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမြွက်ဟစာချုပ်လုပ်ရမယ်။ ပြီးရင် ပေ ၂၀ x ပေ ၆၀ မြေကွက်နှစ်ကွက် ခွဲလျှောက်ရမယ်။ မြေကွက်ခွဲပြီးရင် ပေ ၂၀ x ပေ ၆၀ မြေနှစ်ကွက်လုံးက မောင်နှမနှစ်ဦး ပူးတွဲပိုင်ရှင်ဖြစ် နေဦးမှာ ဖြစ်တယ်””

“ဒါဆိုရင် မောင်ဖြစ်သူ မြေကွက်ကိုပဲ ဝယ်ချင်တာဆိုတော့ မောင်နှမနှစ်ဦးဆီက ဝယ်ရမလိုဖြစ်မနေဘူးလား”

“မဖြစ်ပါဘူး။ အစ်မနေတဲ့ ပေ ၂၀ x ပေ ၆၀ မြေကွက်ကို ပူးတွဲပိုင်ရှင်မောင်ဖြစ်သူက စွန့်လွှတ်ကြောင်း စာချုပ်တစ်ခုချုပ်မယ်။ အဲဒီလိုပဲ မောင်နေတဲ့ ပေ ၂၀ x ပေ ၆၀ မြေကွက်ကို ပူးတွဲပိုင်ရှင် အစ်မဖြစ်သူက မောင်ဖြစ်သူထံစွန့်လွှတ်ကြောင်း စွန့်လွှတ်စာချုပ်တစ်ခု ချုပ်ဆိုမယ်။ ပြီးတော့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ပြုလုပ်ချုပ်ဆိုကြမယ်ဆိုရင် မြေပိုင်ဆိုင်မှုသီးခြားစီဖြစ်သွားပါမယ်။ အဲဒီအခါကျမှ ဝယ်သူဖြစ်တဲ့ သူငယ်ချင်းနဲ့ မောင်ဖြစ်သူတို့ အိမ်မြေအရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုရမှာဖြစ်ပါတယ်”

“ရှင်းပါပြီ သူငယ်ချင်း၊ အရောင်းအဝယ်ဖြစ်ရင် သူငယ်ချင်းဆီ ဆက်သွယ်ပါမယ်။ ကူညီဆောင်ရွက်ပေးပါ”ဟု ပြောဆိုသွားပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌‌ဈေးကွက်ဂျာနယ်