အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်သည့် မြေ စီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများ

“ဆရာ”ဟု ခေါ်သံကြားလိုက်သဖြင့် စာရေးသူသည် ရုံးခန်းအတွင်း၌ စာရေးနေရာမှ မော့ကြည့်လိုက်သည်။

“လာမောင်အာကာ” ဟု ခရီး ဦးကြိုပြုလိုက်ပါသည်။

စာရေးသူ “မောင်အာကာ” ဟု ခေါ်သော်လည်း အသက်ငယ်လှသည်တော့ မဟုတ်ပါ။ ဘွဲ့ရပြီး ကုမ္ပဏီတစ်ခု တွင် HR အဖြစ် တာဝန်ယူလုပ်ကိုင်နေသူဖြစ်သည်။ ဇနီးသည်ဘက်မှ ဆွေမျိုးမကင်းဖြစ်၍ ဇနီးသည်ခေါ် သည့်အတိုင်း “မောင်အာကာ”ဟု ရင်းရင်းနှီးနှီးခေါ် ခြင်းဖြစ်သည်။

“ကျွန်တော်က ဆရာနဲ့တွေ့မယ် မထင်ဘူး။ တရားရုံးဆီ ထွက်သွားပြီ ထင်နေတာ”

“ဒီနေ့က နေလယ် ၃ နာရီမှာ အမှုစစ်မှာဆိုတော့ မနက်ပိုင်းမှာ ရေးစရာ အမှုကိ္စတွေကို လုပ်နေတာ”

“အချိန်ရရင် လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းစကားပြောကြတာပေါ့ ဆရာ”

မောင်အာကာ၏ ဖိတ်ခေါ်မှုကြောင့် စာရေးသူတို့သည် ရုံးခန်းအဆောက်အအုံ၏ ရှေ့ဘက်ရှိ လက်ဖက်ရည်ဆိုင် သို့ ရောက်ရှိခဲ့ကြသည်။

“မြို့တော်ခန်းမက စည်ပင်ရုံးကိုလာတာ ဆရာ။ မြေကွက်တစ်ကွက် ဝယ်ဖို့ စုံစမ်းတာဆရာ”

“အဆင်ပြေရဲ့လား၊ ဂရန်မြေလား”

“ဟုတ်ကဲ့ မြောက်ဥက္ကလာပဘက်မှာပါ ဆရာ”

“မြောက်ဥက္ကလာပဆိုရင် ဂရန်မြေတွေ ဖြစ်မှာပေါ့”

“ဟုတ်ကဲ့၊ ဂရန်မြေဆရာ။ ပေ ၄၀ x ပေ ၆၀ ဆိုတော့ မြေကွက်က ခွဲရမှာဖြစ်နေတယ် ဆရာ”

“သွားစုံစမ်းတာ အဆင်ပြေရဲ့လား။ ခရိုင်အလိုက် သူ့မြို့နယ်နဲ့သူ သတ်မှတ်ထားတာရှိတယ်”

“ဟုတ်ကဲ့ ဆရာ။ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာပဲ ဆောင်ရွက်ပေးတယ် ပြောတယ်။ ဒီနေ့ အင်္ဂါနေ့ဆိုတော့ အဆင်မပြေခဲ့ဘူး ဆရာ”

“အေးဟုတ်တယ်။ ရက်သတ္တပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်ကို သတ်မှတ်ချိန်အတွင်း One Stop Service အနေနဲ့ ဆောင်ရွက်ပေးနေတာဖြစ်တယ်”

“On Stop Service ဆိုတော့ အမှန်တကယ် အောင်မြင်ရဲ့လား ဆရာ””

“ခက်တာက မြေအိမ်ယာကိစ္စဆိုတာ စာရွက်စာတမ်းပြည့်စုံဖို့က အထူးလိုအပ်တယ်။ စာရွက်စာတမ်း မပြည့်စုံ လို့ အကြိမ်ကြိမ်တက်ဆင်းလုပ်ရတာလည်း ရှိကြတယ်”

“အချို့ကပြောတော့ ဆရာ။ Online ကနေ လျှောက်ထားနိုင်တယ်လို့ ပြောတယ် ဆရာ။ ဟုတ်ပါသလား”

“ဒီခေတ်ကတော့ Online ဆိုတာ၊ ထမင်းစားရေသောက် လွယ်လွယ်ကူကူသုံးစွဲနေကြတာတွေ့ရတယ်။ Online Shopping, Online System ဆိုပြီး အမျိုးမျိုးအသုံးပြု ဆောင်ရွက်တာရှိနေတယ်”

“ဟုတ်ကဲ့ ဆရာ။ လွယ်ကူအဆင်ပြေတာတွေလည်း ရှိကြတယ်”

“အမှန်ကတော့ လုပ်ငန်းမြန်ဆန်မှုနဲ့အတူ မိမိနေထိုင်ရာ အိမ်မှ အလွယ်တကူဆောင်ရွက်နိုင်တဲ့ ကိစ္စဖြစ်လို့ သက်ဆိုင်ရာရုံးမှာသွားပြီး လူတန်းစီစောင့်တာမျိုး မလုပ်ရတော့ဘူး။ အလွန်အဆင်ပြေတဲ့ ဆက်သွယ်ရေးလမ်း ကြောင်းတစ်ခုဖြစ်ပါတယ်”

“အခုစည်ပင်သာယာကိစ္စမှာလည်း Online System နဲ့ ဆောင်ရွက်တဲ့ကိစ္စတွေကို ဆရာသိရင်နည်းနည်း ပြောပြပါလား”

“ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်မှာ ၃၃ မြို့နယ်အနက် ၂၁ မြို့နယ်မှာ Online စနစ်နဲ့ မြေယာကိ္စတွေကို လျှောက်ထားနိုင်တယ်လို့ သိရတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေစီ မံခန့်ခွဲရေးဆိုင်ရာ ဝက်ဘ်ဆိုက် မှာ ကြည့်လို့ရတယ်”

“မြို့နယ် ၂၁ မြို့နယ်ဆိုတော့ မြောက်ဥက္ကလာပလည်းပါမှာပေါ့နော်”

“ပါမှာပေါ့။ သိရသလောက်တော့၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်ကစပြီး သင်္ဃန်းကျွန်းမြို့နယ် တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ်နဲ့ ကမာရွတ်မြို့နယ်တို့ကို Online စနစ်နဲ့ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိတယ်”

“မြေပုံကူးတာလည်း ဆောင်ရွက်ပေးတာပေါ့နော်”

“ဆရာသိသလောက်တော့ မြေစီမံခန့်ခွဲမှုဆိုင်ရာ ကိုးမျိုးကို ဆောင်ရွက်ပေးနေတယ်လို့ သိရတယ်။ မှတ်မိသ လောက်ပြောရရင်၊

(၁) မြေငှားဂရန်လျှောက်ခြင်း။

(၂) မြေငှားဂရန် သက်တမ်းတိုးခြင်း။

(၃) မြေပိုင်ဆိုင်မှု အမည်ပြောင်းခြင်း။

(၄) မြေငှားဂရန်ပျောက်လို့ မြေငှားဂရန် မိတ်္တူ ထုတ်ပေးခြင်း။

(၅) မြေချပါမစ်ထုတ် ပေးခြင်း။

(၆) မြေငှားဂရန်ခွဲ လျှောက်ထားခြင်း။

(၇) မြေပိုင်ဆိုင်မှု မြေခွဲလျှောက်ထားခြင်း။

(၈) မြေတိုင်း တာခြင်း။

(၉) မြေပုံမြေရာဇဝင်ကူးခြင်းတို့ ဖြစ်တယ်။

အသေးစိတ်သိချင်ရင်တော့ မြေစီမံခန့်ခွဲရေးဆိုင်ရာ ဝက်ဘ်ဆိုက် မှာ ကြည့်နိုင်တယ်။ အခု မောင်အာကာဝယ်မယ်ဆိုတဲ့ မြေကွက်က ဂရန်အမည်ပေါက်ကိုယ်တိုင် ရောင်းမှာလား”

“မဟုတ်ဘူး ဆရာ။ သူ့သမီးက ရောင်းမှာ။ အမည်ပေါက်မိဘတွေက ကွယ်လွန်သွားကြပြီ။ မြေကွက်က ပေ ၄၀ အကွက်ကို ညီမနှစ်ယောက်တစ်ဝက်စီခွဲပြီး အိမ်ဆောက်ထားကြတယ်။ သမီးငယ်မြေကွက်ကို ရောင်းမှာ ဆရာ”

“ဒါဆို မြေကွက်က မခွဲစိတ်ရသေးဘူးပေါ့”

“ဘာများ အရှုပ်အရှင်းရှိနိုင်သလဲလို့ လာစုံစမ်းတာ ဆရာ”

“သားသမီးအရင်းလည်း မှန်မယ်။ မွေးချင်းကလည်း ညီမနှစ်ယောက်တည်းသာရှိတယ်ဆိုတာ မှန် တယ်ဆိုရင် အခက်အခဲသိပ်မရှိပါဘူး”

“သူတို့ ပြောစကားအရတော့ သမီးနှစ်ယောက်ကျန်ခဲ့တယ်လို့ ပြောပါတယ်”

“ပထမအချက်ကတော့ သမီးနှစ်ဦးက မိဘအမွေကို ဆက်ခံကြောင်း အမွေဆက်ခံပိုင်ဆိုင်ကြေညာစာချုပ် လုပ်ရမယ်။ ပြီးရင် အရောင်းအဝယ မှတ်ပုံတင်စာချုပ်လုပ်ရမယ်”

“အရောင်းအဝယ်မှတ်ပုံတင်စာချုပ်လုပ်ရင် အခွန်တော့ ဆောင်ရမှာပေါ့နော်”

“ဒါတော့ ရှိတာပေါ့။ ပြီးတော့ မြေကွက်ကို တရားဝင်ခွဲစိတ်ရမယ်။ ခွဲစိတ်မြေဂရန် လျှောက်ရမယ်”

“မြေဂရန်အမည်ပေါက်အထိ ရနိုင်တာပေါ့နော်”

“ရတာပေါ့။ မောင်အာကာပြောတဲ့အတိုင်းသာ အမည်ပေါက်သူက ကွယ်လွန်သူမိဘများဖြစ်ပြီး သမီးနှစ်ဦး သာကျန်ခဲ့မယ်။ ရောင်းသူ ကိုယ်တိုင် နေထိုင်တယ်ဆိုတော့ ဘာမှပြဿနာမရှိဘူးပေါ့”

“ဝယ်ဖြစ်ရင် ကန့်ကွက်ရန်ရှိ မရှိ။ သတင်းစာမှာ ထည့်ရမှာပေါ့ ဆရာ”

“ဟုတ်ပါတယ်။ အစောကပြောခဲ့သလို အငြင်းပွားစရာမရှိ စာရွက်စာတမ်းတွေပြည့်စုံရင်တော့ Online စနစ်နဲ့ အလွယ်တကူဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်က ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း I.F.C တို့ ပူးပေါင်းဆောင် ရွက်တဲ့ အဆောက်အအုံဆောက်လုပ် (Online Submission System) သို့ ပြောင်းလဲဆောင်ရွက်ရန် ရှေ့ပြေး စမ်းသပ်မှုအဆင့် မိတ်ဆက်အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆောက်အအုံဆောက် လုပ်ခွင့်ပါမစ်ကို Online မှ ၂၀၁၉ ဒီဇင်ဘာလကုန်မှာ အပြည့်အဝဆောင်ရွက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်”

“ဟုတ်ကဲ့ ဆရာ။ ကျွန်တော် ဝက်ဘ်ဆိုက်မှာကြည့်ပြီး Online ကတစ်ဆင့် ဆောင်ရွက်ကြည့်လိုက်ဦးမယ်”ဟု စာရေးသူအားပြောဆို နှုတ်ဆက်ခါ မောင်အာကာထွက်သွားပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်