ငှားရမ်းထားသည့် အဆောက်အအုံကို အိမ်ရှင်မှ သဘောရိုးဖြင့် ရယူလိုလျှင်
“ဒီတစ်ခါတော့ ဆရာ၊ အိမ် မြေ အရောင်းအဝယ်ကိစ္စ မဟုတ် ပေမယ့် အိမ်ငှားတင်ထားတဲ့ အ ဆောက်အအုံကို အိမ်ရှင်က သဘောရိုးနဲ့ ပြန်လည်လိုချင်ခဲ့ရင် ဘယ်လို ဆောင်ရွက်နိုင်သလဲဆိုတာ သိချင်လို့ပါဆရာ”ဟု စာရေးသူ၏ ရုံးခန်းသို့ တပည့် တစ်ဦး ရောက်လာပြီး ဆွေးနွေးပါသည်။
“အိမ်ငှားက ဆင်းမပေးဘူးလို့ ပြောလို့လား၊ ဘယ်လောက်ကြာပြီ လဲ”
“ငှားတာတော့ ခုနစ်နှစ်၊ ရှစ် နှစ်လောက်ရှိပြီ ပြောတယ်ဆရာ၊ အိမ်လခလည်း မပေးတာ ခြောက် လလောက်ရှိပြီ ပြောတယ်”
“ညှိနှိုင်းမကြည့်ဘူးလား”
“ဒီတစ်လဆင်းပေးပါမယ် ဆို ပြီး ဟိုအကြောင်းပြဒီအကြောင်းနဲ့ ခြောက်လလောက် ကြာသွားတာ ဆရာ”
“ကတိစာချုပ် လုပ်ထားတာ မရှိဘူးလား”
“ဒီလိုဆရာ၊ အခုအိမ်ပိုင်ရှင် အဘိုးကြီး၊ အဘွားကြီးတွေက ပင် စင်စားတွေ။ အရင်က ရုံးကပေးတဲ့ အိမ်မှာနေခဲ့တယ်ပြောတယ်။ နယ် တွေလည်း အမျိုးမျိုးပြောင်းကြရ တော့ ဒီအိမ်ကလေးကို အိမ်ငှား တင်ထားခဲ့တာဖြစ်တယ်။ အခုသူတို့ က အခြား တစ်နေရာမှာ အိမ်ငှား ပြီးနေကြရတာ။ ဒါကြောင့် သူတို့ပိုင် အိမ်မှာ ပြန်နေချင်တာပေါ့ဆရာ”
“သားသမီးမရှိဘူးလား”
“သမီးတစ်ယောက်ရှိတယ် ပြောတယ်၊ သမီးဖြစ်သူကလည်း ရောဂါနဲ့ ကွယ်လွန်သွားတယ်ဆရာ၊ သားမက်က နောက် အိမ် ထောင်ပြု သွားပြီ၊ မြေးတစ်ယောက် နဲ့ နေတယ်”
“မြေးဖြစ်သူက ဘယ်အရွယ် ရှိပြီလဲ”
“အခုမှ ရှစ်တန်းလား၊ ကိုး တန်းလား တက်နေတယ်ထင် တယ်။ တစ်ခုတော့ရှိတယ်။ ဆရာ အိမ်ငှားတွေက ဒီမြေနဲ့အိမ်ကို ရောင်းဖို့ ကမ်းလှမ်းတယ်၊ အဘိုး ကြီး၊ အဘွားကြီးကလည်း မရောင်း ဘူး ပြန်ပြီးသာနေချင်တယ်ဖြစ်နေ တယ်”
“အင်းလေ၊ ဒါကတော့ ဖြစ် စဉ်အမျိုးမျိုးရှိကြတာပေါ့၊ ဥပဒေ အပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ် ရေး အက်ဥပဒေပုဒ်မ ၁၂ (၁)(စ) အရ ငှားရမ်းထားတဲ့ အဆောက် အအုံကို ပိုင်ရှင်က အကြောင်းအား လျော်စွာ ရိုးဖြောင့်သော သဘော ဖြင့် အိမ်ရှင်ကိုယ်တိုင်နေထိုင်ရန် ကိစ္စအတွက် သက်သက်ရယူလိုပြီး ကိုယ်တိုင်နေထိုင်မယ်ဆိုရင် အိမ် ငှားကို ဖယ်ရှားပိုင်ခွင့်၊ နှင်ပိုင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်”
“အကြောင်းအားလျော်စွာ ရိုးဖြောင့်သော သဘောဆိုတာ ဘာကိုဆိုလိုတာလဲ ဆရာ”
“ဒီအချက်နဲ့ ပတ်သက်လို့ ရှင်းပြရရင် ဥပမာအားဖြင့် အိမ် ရှင်က မိမိငှားရမ်းထားတဲ့ တိုက် ခန်း (အဆောက်အအုံ) ထက် ကျယ်ပြန့်ကောင်းမွန်တဲ့ အ ဆောက်အအုံ အိမ်မှာနေပြီး ငှား ရမ်းထားတဲ့ အဆောက်အအုံကို ပြန်လည်ရယူလိုခြင်းဟာ အ ကြောင်း အားလျော်စွာ ရိုးဖြောင့်တဲ့ သဘောနဲ့ ရယူခြင်းလို့ မဆိုနိုင်ဘူး ပေါ့။ ဒါပေမယ့် မိမိတို့ လက်ရှိနေ ထိုင်တဲ့ အဆောက်အအုံက ကျဉ်း ပြီး မိသားစုများလာတဲ့အတွက် နေထိုင်ရန်အခက်အခဲရှိနေတယ် ဆိုရင်တော့ အကြောင်း အားလျော် စွာရိုးဖြောင့်တဲ့ သဘောနဲ့ ရယူလို ခြင်းဖြစ်တယ်လို့ ‘တေချိန်ဟိန်းနဲ့ ချင်ထင်ရူး ၁၉၆၄ ခုနှစ် တရား ရုံးချုပ် မြန်မာနိုင်ငံ စီရင်ထုံး စာ မျက်နှာ ၈၅’ အမှုမှာ သုံးသပ်ဆုံး ဖြတ်ထားခဲ့တယ်”
“ဒါဆိုရင် ကျွန်တော်ပြောတဲ့ အဘိုးကြီး၊ အဘွားကြီးကိစ္စက အ ကျုံးဝင်တဲ့ သဘောရှိတာပေါ့နော်”
“တစ်ခုတည်းနဲ့ ပြောလို့မရ သေးဘူး။ ဥပဒေပြဋ္ဌာန်းချက်မှာ အိမ်ရှင်ကိုယ်တိုင် နေထိုင်ရန် ကိစ္စ အတွက် သက်သက်ရယူခြင်းဆို တာပါသေးတယ်”
“ဒါဆိုရင်လူနေရုံသက်သက် အတွက်လို့ ပြောတာပေါ့နော်ဆရာ”
“အေးဟုတ်တယ်၊ လူနေရုံ သက်သက်ဖြစ်ဖို့လိုတယ်၊ မိမိနေ ထိုင်ရန်မဟုတ်ဘဲ စီးပွားရေးအရ လုပ်ကိုင်ဖို့ဆိုရင်တော့ အကျုံး မဝင် ပြန်ဘူး။ ဥပမာ-ကုန်ပစ္စည်း သိုလှောင်ထားမယ့် လုပ်ငန်းဖြစ်တဲ့ ပွွဲရုံဖွင့်မယ်၊ စတိုးဆိုင်ဖွင့်မယ်ဆို ရင်တော့ မိမိနေထိုင်ရန် သက် သက်ဆိုတဲ့ စကားရပ်မှာ အကျုံး မဝင်ဘူးလို့ ဦးတင်ထွန်းနဲ့ ဦးချစ် ထွတ် ၁၉၅၉ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၁၆၃ မှာ ဖော်ပြထားတယ်”
“တကယ်လို့ ဆရာ၊ မိမိကိုယ် တိုင်လည်း နေမယ်၊ အလုပ်အကိုင် ကိစ္စအတွက် ပူးတွဲအသုံးပြုမယ်ဆို ရင်၊ ဥပမာ- ကျွန်တော် တို့ ရှေ့နေ အလုပ်မျိုးပေါ့ဆရာ၊ ကိုယ်တိုင် လည်း နေထိုင်မယ်၊ အမှုသည်တွေ နဲ့ လက်ခံတွေ့ဆုံပြီး ရုံးခန်းသဘော ဖွင့်မယ်ဆိုရင် လူနေရုံသက်သက် လို့ ခေါ်နိုင်မလားဆရာ”
“ဒါနဲ့ ပတ်သက်လို့ ရှင်း အောင်ပြောရရင် ဦးမောင်ကျင်နဲ့ ဦးစိန်လှိုင်ပါ နှစ်ဦး ၁၉၈ဝ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၃၉ အမှုမှာ ဦးမောင်ကျန် သည် အချင်းဖြစ် ဥပစာကို မိမိ ကိုယ်တိုင် နေထိုင်ရန်သာမဟုတ် ဘဲ၊ ဥပစာ၏ တစ်စိတ်တစ်ဒေသ တွင် မိမိ၏ အသက်မွေးဝမ်း ကျောင်းအတွက် နာရီပြင်ဆိုင်ဖွင့် လှစ်၍ အသုံးပြုရန် ရည်ရွယ် သည်ဆိုခြင်းမှာ မိမိကိုယ်တိုင်နေ ထိုင်ရန် သက်သက်မဟုတ်ဟု မဆို နိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ငါ့တပည့်ပြောသလို မိမိ ကိုယ်တိုင်နေ ပြီး ရှေ့နေ ရုံးခန်းထား မယ်၊ စာအုပ်ငှားဆိုင်ဖွင့်ထားမယ်၊ ဆေးခန်းဖွင့်ထားမယ်ဆိုရင် လူနေ ရုံ သက်သက်လို့ ဥပဒေအရ သတ် မှတ်ပြဋ္ဌာန်း ထားတာကို တွေ့ရမှာ ဖြစ်တယ်”
“ဟုတ်ကဲ့ ဆရာ”
“နောက်တစ်ခု သတိပြုစရာ ရှိသေးတယ်”
“ပြောပါဦး ဆရာ”
“အိမ်ရှင်အနေနဲ့ အချင်းဖြစ် အဆောက်အအုံတွင် အိမ်ငှား ပြောင်းရွှေ့သည့်နေ့မှစ၍ သုံးလအ တွင်း မိမိကိုယ်တိုင်နေထိုင်ပါမယ် လို့ တရားရုံးက သင့်သည်ထင်မြင် တဲ့ ငွေအရေအတွက်ကို အာမခံ ထားကာ ဝန်ခံလက်မှတ်ရေးထိုး ကြရတယ်”
“တကယ်လို့ ဝန်ခံချက် ဖောက်ဖျက်မိရင်ကော ဆရာ”
“ဝန်ခံချက်ဖောက်ဖျက်ရင် တော့ ငှားရမ်းခကြီးကြပ်ရေး အက် ဥပဒေပုဒ်မ ၁၂ (ဆ) အရ အာမ ခံချုပ်ဆိုထားတဲ့ ငွေကို အစိုးရ ဘဏ္ဍာငွေအဖြစ် သိမ်းယူနိုင်တဲ့အပြင် သင့်လျော်တဲ့ လျော်ကြေး ငွေကိုလည်း အိမ်ငှားအားပေးစေလို့ တရားရုံးက ဆုံးဖြတ်နိုင် ကြောင်း ပြဋ္ဌာန်း ထားတယ်”
“ဒါဆိုရင် အမှန်တကယ် အ ဆောက်အအုံကိုရပေမယ့် လူမ နေဘဲ အခြားစီးပွားရေး လုပ်မယ်ဆိုရင် အိမ်ငှား က လျော်ကြေး တောင်းနိုင် တာပေါ့နော်”
“မှန်ပါတယ်။ အိမ်ငှားကို နစ်နာစေတဲ့အတွက် နစ်နာကြေး တောင်းပိုင်ခွင့်ရှိမှာဖြစ်တယ်”
“နောက်ဆုံးအချက်ကတော့ အိမ်ရှင်အနေနဲ့ အဆိုပါ အဆောက် အအုံကို ၁၉၄၅၊ ခုနှစ် မေလ ၁ ရက်နေ့မတိုင်မီကစပြီး အိမ်ကို ပိုင် ဆိုင်သူထံမှ အမွေဆက်ခံခြင်းနဲ့ အဆင့်ဆင့်ပိုင်ဆိုင်ထားသူဖြစ်ရမယ် ဒါနဲ့ပတ်သက်လို့ ဦးစိုးနိုင်နှင့် ဦးဘာဘာ ၁၉၈၁ ခုနှစ်၊ မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၃၁ အမှုမှာ ဦးဘာဘာသည် ၁၉၆၆ ခုနှစ်တွင် မူလအိမ်ပိုင်ရှင် ဒေါ်သိန်းနွဲဲ့ထံမှ ဝယ်ယူခြင်းဖြစ်၍ ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့ နောက်ပိုင်းအမွေဆက်ခံခြင်း အ ဆင့်ဆင့်ဖြင့် ပိုင်ဆိုင်သူ မဟုတ် သဖြင့် ဦးဘာဘာတောင်းဆိုသည့် အတိုင်း အနိုင်ဒီကရီမရထိုက် ကြောင်း ဆုံးဖြတ်ခဲ့တယ်”
“ဒါဆို၍ ဒီအချက်ကလည်း အရေးကြီးတာပေါ့ဆရာ”
“မှန်တယ်၊ ဒါကြောင့် အိမ် ငှားတင်ထားတဲ့ အဆောက်အအုံ ကို အိမ်ရှင်က သဘောရိုးနဲ့ ပြန် လည်ရယူချင်တယ်ဆိုရင် ဥပဒေ အရ အဲဒီအဆောက်အအုံဟာ ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့ နောက်ပိုင်း အမွေဆက်ခံခြင်း အဆင့်ဆင့်နဲ့ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် တဲ့ အဆောက်အအုံဖြစ်ပြီး ပိုင်ရှင်ကိုယ်တိုင် လူနေရန် သက် သက်ဖြစ်ကြောင်း ပေါ်လွင်မှ တရား ရုံးတော်က အကူအညီပေးနိုင် မှာ ဖြစ်တယ်”လို့ ရှင်းပြလိုက်ပါတယ်။
စာဖတ်သူများ ဗဟုသုတရ စေရန် ရေးသားလိုက်ခြင်းဖြစ်ပါသည်။
ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်