သဘာဝ ဘေးအန္တရာယ်နှင့် မြေငှားနေသူတို့၏ အခွင့်အရေး
တစ်နေ့က မိတ်ဆွေတစ် ဦး စာရေးသူ၏ ရုံးခန်းသို့ ရောက် လာပါသည်။
“ပြီးခဲ့တဲ့ တစ်ပတ်ခန့်က စျေးကွက်ဂျာနယ်ထဲမှာ သူငယ်ချင်းရဲ့ သဘာဝဘေးအန္တရာယ် နှင့် အိမ်ငှားတို့၏ အခွင့်အရေး ဆောင်းပါးကို ဖတ်ရတယ်”
“အေး၊ အခုကာလမှာ သဘာဝအန္တရာယ်တွေနဲ့ ကြုံတွေ့ နေကြရလို့ ဗဟုသုတအဖြစ် ရေး လိုက်တာပါ”
“သူငယ်ချင်းရဲ့ ဆောင်းပါးအရဆိုရင် ငှားရမ်းနေထိုင်တဲ့ အဆောက်အအုံဟာ သဘာဝ ဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးသွား လို့ အိမ်ရှင် က အသစ် ပြန်ဆောက်တဲ့အခါ နေအိမ်သစ် မှာ အိမ်ငှားများ ပြန်မဖြစ်ဘူးဆိုတဲ့ သဘောကို တွေ့ရတယ်”
“အေးလေ၊ သဘာဝဘေး အန္တရာယ်တစ်ခုခုကြောင့် အ ဆောက်အအုံ ပျက်သွားမှတော့ ပြန်ထားဖို့ မဖြစ်နိုင်တော့ဘူးပေါ့”
“အင်း-အခုဟာက မြေ ကွက်ကို ငှားတာဖြစ်နေတော့”
“မြေကွက် ငှားရမ်းပြီး မြေ ပေါ်မှာ အဆောက်အအုံ ဆောက် လုပ်နေထိုင်ခွင့်ပေးတာမျိုး မဟုတ် လား”
“နယ်မှာ ရေကြီးတာနဲ့ အိမ်ပါသွားတယ်ဆိုပါတော့။ အခု ငှားထားတဲ့ မြေပေါ်မှာ အိမ်ပြန် ဆောက်တော့ ပြဿနာဖြစ်တော့ တာပဲ။ မြေရှင် က တားမြစ်တယ်လို့ ပြောတယ်။ အဲဒီလို ကိစ္စတွေကြ တော့ ဥပဒေဘယ်လိုရှိလဲ သူငယ် ချင်း”
“အေး၊ ဟုတ်တယ် အထူး သဖြင့် မြို့ကြီးတွေထက် နယ်တွေ၊ ကျေးရွာတွေမှာ မြေငှားကြတာ တွေ ရှိကြတယ်၊ လယ်သမားတွေ ဆိုရင် လယ်မြေထဲမှာပဲ မြေငှားပြီး တဲဆောက်နေကြတာ”
“ငါ့ဇာတိရွာမှာဆိုရင် ဒီလို ပဲ မြေငှားပြီး အိမ်ဆောက်နေကြ တာပဲ။ ဟိုတုန်းကတော့ မြေငှား ရမ်းခကလည်း ဘာရှိမလဲကွာ။ ရာဂဏန်းတောင် မရှိဘူး။ အတော် နေရာကောင်းပြီး မြေကွက်လည်း ကျယ်မှ ရာဂဏန်းပဲရှိတာ။ ရပ်ဆွေ ရပ်မျိုးဆိုတော့ လည်း မြေငှားရမ်း ခမှန်မှန်ပေးနေရင်ပြီးတာပဲလေ။ ဘာပြဿနာမှာမရှိကြဘူး”
“အခုတော့လည်း မြေစျေး ကကြီးလာတော့ အမှုအခင်းတွေ ဖြစ်ကြတာပေါ့ သူငယ်ချင်းရယ်။အခုမြို့ကြီးတွေမှာလည်း မြေငှား ပြီး အဆောက်အအုံဆောက် စီးပွားရေးလုပ်တဲ့ အခြေအနေတွေ ရှိနေပြီ”
“ဟုတ်လား၊ ရှင်းပြပါအုံး သူငယ်ချင်း”
“နာမည်ကြီး လက်ဖက်ရည်ဆိုင်တွေ၊ ပုဂ္ဂလိက ဘဏ်တွေ၊ ကားအရောင်းပြခန်းတွေဟာ မြေ ကိုငှားပြီး မိမိစရိတ်နဲ့ အဆောက် အအုံဆောက်လုပ်ကြတာတွေဖြစ် တယ်”
“အင်း၊ ဟုတ်တယ်၊ ပုဂ္ဂလိ က ဘဏ်တွေဟာ မူလအဆောက် အအုံကို ပြန်လည်ပြုပြင်ပြီး ဘဏ် အဆောက်အအုံ ပုံစံဆောက်လုပ် ဖွင့်လှစ်ကြတာတွေ့ရတာပဲ”
“အဲဒါ နှစ်အကန့်အသတ် နဲ့ မြေငှားကြတာပဲဖြစ်တယ်၊ အနည်းဆုံး ၁ဝ နှစ်ကနေ ၁၅ နှစ်၊ အနှစ် ၂ဝ၊ ၂၅ နှစ် စသဖြင့် ငှား ရမ်းကြတယ်”
“နယ်တွေ၊ ကျေးရွာကြီး တွေမှာလည်း ဗီဒီယိုပြတဲ့ ရုံတွေ ဆိုရင် မြေကို နှစ်ချုပ်နဲ့ငှားပြီး ဆောက်လုပ်ဖွင့်ကြတာပဲ”
“တိုက်ခန်းတွေကို မြေငှား ပြီး ဆောက်တာရှိတယ်လို့လည်း ကြားဖူးတယ်”
“ဟုတ်တယ်၊ အရင်အစိုးရ လက်ထက်က ဝန်ကြီးဌာနက မြေတွေကို အနှစ် ၂ဝ၊ ၂၅ နှစ် စသဖြင့် ငှားရမ်းပြီး ပုဂ္ဂလိက စီး ပွားရေးလုပ်ငန်းရှင်တွေကို အ ဆောက်အအုံ၊ တာဝါတွေ ဆောက် လုပ်ခွင့်ပြုတာရှိတယ်”
“တိုက်ခန်းတွေ ရောင်းရ တဲ့ အကျိုးအမြတ်တွေက စီးပွား ရေးသမားတွေက ခံစားတဲ့ သဘောလား”
“စနစ်ကတော့ တိုက်ခန်း အချို့တစ်ဝက်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ရုံးအဖြစ်ဖွင့်တာတွေ စတဲ့ ရပိုင်ခွင့်တွေတော့ရှိတာပေါ့။ အဓိက အချက်ကတော့ မြေငှားတဲ့ ကာလနှစ်ပြည့်သွားတဲ့အခါ အဲဒီ အဆောက်အအုံရဲ့ စီမံခန့်ခွဲခွင့် အစစအရာရာဟာ မြေပိုင်ရှင် က ခံစားခွင့်ရမှာပဲဖြစ်တယ်။ ဆောက်လုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်က ခံစားခွင့်လုံးဝမရှိတော့ဘဲ လွှဲ ပြောင်းပေးလိုက်ရတဲ့ သဘော ဖြစ်တယ်”
“မြေငှားရမ်းတဲ့ နှစ်စေ့ သွားရင် အဆောက်အအုံကို မြေ ပိုင်ရှင်ထံလွှဲပေးရတဲ့ သဘောလို့ ဆိုရမလား”
“မှန်တယ်၊ ဥပမာ-မြေငှား ပြီး ဆောက်လုပ်ထားတဲ့ ရုပ်ရှင်ရုံ တွေ၊ ဗီဒီယိုရုံတွေ၊ ကားအရောင်း ပြခန်းတွေ၊ စားသောက်ဆိုင်တွေ ဟာ မြေငှားရမ်းတဲ့ ကာလပြည့်ရင် အဆောက်အအုံကို ထားခဲ့ပြီး မြေရှင်ကို လွှဲပြောင်းအပ်နှံတဲ့ စနစ် ဖြစ်တယ်။ နှစ်ကြာရှည် ငှားပြီး ဆောက်ထားတဲ့ အဆောက်အအုံဆိုတော့ မြေငှားရမ်းကာလပြည့် ချိန်မှာ အဆောက်အအုံက ဟောင်းနွမ်းနေပြီလည်းဖြစ် ပါတယ်”
“စီးပွားရေးကောင်းတဲ့ နေ ရာဆိုရင် မြေရှင်ထံပြန်အပ်လိုက် ရတော့ နှမြောစရာမဖြစ်ဘူးလား”
“ဒီလိုတွက်ရင်တော့ ဟုတ် တာပေါ့၊ စားသောက်ဆိုင်တွေ ဖွင့် တဲ့နေရာတွေဆိုရင် မြေရှင်က ဆက်ပြီးဖွင့်တာတွေရှိတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် မြေကွက်ကိုငှားရမ်းပြီး ဆောက်လုပ်ထားတဲ့ အဆောက်အအုံဟာ သဘာဝ ဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီး သွား လို့ ငှားရမ်းကာလ သက်တမ်းမကုန်သေးရင်တော့ မြေ ငှားရမ်းထားသူက မြေပေါ်မှာ အဆောက်အအုံသစ် ထပ်မံဆောက် ခွင့် ရှိတယ်။
ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ “မောင် ကျော်ကျော်နှင့် မောင်ကျော်ငြိမ်း ပါ ၂ ဦး၊ ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး၊ စာမျက်နှာ ၄၃၅ မှာ အိမ်ငှားမောင်ကျော်ငြိမ်းတို့က အငှားချထားသည့် မြေပေါ်က အိမ်မီးလောင်သွား၍ မီးလောင်ပြင် မြေပေါ်တွင် အိမ်သစ်ဆောက် လုပ်နေထိုင်သည်။ မောင်ကျော် ကျော်က မောင်ကျော်ငြိမ်းတို့ကို မြေပေါ် ကျူးကျော်နေ ထိုင် သူအ ဖြစ် ဖယ်ရှားပေးရန် တရားစွဲဆို သည်။
တရားရုံးချုပ်က ဆုံးဖြတ် သုံးသပ်သည်မှာ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေးဥပဒေအရ ပုဒ် မ ၂ (ဃ)တွင် ဥပစာဆိုသည်မှာ အဆောက်အအုံသာမက အ ဆောက်အအုံတည်ရာမြေလည်း ပါဝင်သည်။ ထို့ကြောင့် မောင် ကျော်ငြိမ်းတို့ မြေပေါ်တွင် အိမ် ဆောက်နေခြင်း မှာ ပုဒ်မ ၂ (ဆ) အရ၊ အိမ်ငှားအဖြစ်နေခြင်းသာ ဖြစ်သည်”ဟု ဆုံးဖြတ်ခဲ့ပါသည်။
ဒါကြောင့် မြေငှားအဖြစ် အဆောက်အအုံဆောက်လုပ်နေ ထိုင် သူများဟာ သဘာဝဘေး အန္တရာယ်တစ်ခုခုကြောင့် အ ဆောက်အအုံ ပျက်စီးသွားခဲ့ရင် အိမ်ငှားအဖြစ် ပြန်လည်ဆောက် လုပ်နေထိုင်ခွင့်ရှိကြောင်း ဗဟုသု တအဖြစ် ရေးသားလိုက် ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်