အိမ်ထောင်ကြီးသားသမီးများနှင့် ဆက်နွယ်သည့် အိမ် နှင့် မြေကို ဝယ်မည်ဆိုလျှင်

“လာဗျာ ဦးသော်တာ၊ အရေးတကြီး ကိစ္စရှိတယ်ထင်တယ်”

စာရေး သူ၏ ရုံးခန်းသို့ မောပန်း စွာတက်လာဟန်ရှိသည့် ဦးသော်တာ ကို စာရေးသူက နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။

“အင်းဗျာ၊ ဆရာ့ရုံးခန်းကလည်း လေးထပ်ဆိုတော့ ကျွန်တော့်အသက် နဲ့ မောတယ်ဗျာ။ ဆရာဘယ်လိုများ နေ့တိုင်းတက်သလဲလို့”

“တက်နေကျဖြစ်တော့လည်း မမောတော့ဘူးပေါ့ဗျာ။ ဒီရုံးခန်း ရောက်တာပဲ အနှစ် ၄ဝ နီးပါးရှိနေ ပြီ။ ရှေ့နေပေါက်စကတည်းကပေါ့”

“အပေါ်ရောက်မှ ဆရာနဲ့မတွေ့ ရင် ပိုမောသွားမှာ”

“တယ်လီဖုန်းတစ်ချက်ခေါ် လိုက်ရင်ဖြစ်တာပဲ”

“ဖုန်းနံပါတ်လည်း မမှတ်မိတော့ ဘူးဗျာ။ ရုံးခန်းတော့ လက်ဖက်ရည် ဆိုင်မှာ တွေ့ရင်းပြောတာ မှတ်မိနေလို့”

“ကဲ-ဘာအခက်အခဲတွေရှိလာ လို့လဲ ပြောပါဦး”

“အခုမှ ဆုပ်လည်းစူးစားလည်း ရူးဆိုးတာမျိုးဖြစ်နေလို့”

“အိမ် ခြံ မြေလုပ်ငန်း လုပ်နေ သူက ထူးထူးဆန်းဆန်းပြောနေပြန်ပြီ”

“တစ်ခါတစ်ခါကျတော့လည်း မြင်းကောင်းခွာလိပ်တာမျိုးလည်းဖြစ် တတ်တယ်လေ”

“ဟုတ်ပါပြီ။ အဖြစ်အပျက်ဆီ မရောက်တော့ဘူး”

“မိတ်ဆွေတစ်ဦးကို ကျွန်တော် က အိမ် ခြံ မြေတစ်ခုကို ဝယ်ဖို့ တိုက် တွန်းလိုက်မိတယ်”

“ဝယ်ဖြစ်သွားတယ်ပေါ့”

“အဲဒီလိုပဲဆိုပါတော့ဗျာ။ စရန် ငွေပေးပြီးမှ ကန့်ကွက်သူပေါ်လာလို့ ကိုယ်ကပဲ စိုက်လျော်ရမလို ဖြစ်နေ တယ်”

“စာရွက်စာတမ်းအတုဖြစ်နေ လို့လား”

“စာရွက်စာတမ်းအတုတော့ မဟုတ်ဘူး။ အမွေဆိုင်အိမ်ဖြစ်နေ လို့”

“ဘယ်လိုဖြစ်ပြီး အမွေဆိုင်အိမ် ဖြစ်သွားတာလဲ”

“မြေဂရန်အမည်ပေါက်က လင် မယားနှစ်ယောက်အမည်ပေါက် တယ်။ လင်မယား နှစ်ယောက်လုံး ကွယ်လွန်သွားတော့ သမီးတစ်ဦး ကျန်ခဲ့တယ်”

“အခုအဲဒီသမီးက မြေနဲ့အိမ်ကို ရောင်းမှာ မဟုတ်လား”

“ဟုတ်တယ်ဆရာ။ ဒီနေရာမှာ ထူးခြားတာက မိဘတွေက သမီးကို အပေးစာချုပ်ပြုလုပ်ပြီး အဲဒီမြေနဲ့ အိမ်ကို ပေးသွားတယ်”

“သမီးတစ်ယောက်တည်းဆို တော့ အပေးစာချုပ်လုပ်ဖို့ မလိုပါ ဘူး။ မိဘကွယ်လွန်ရင် ကိုယ်က အမွေရမှာပဲ မဟုတ်လား”

“ဒါပေမယ့် မိဘဆိုတာ မိမိမျက် စိနှစ်လုံး ပိတ်မသွားမီမှာ စိတ်ချ အောင် အပေးစာချုပ်ပြုလုပ်သွားတာ ဖြစ်ပါလိမ့်မယ်”

“အပေးစာချုပ်က မှတ်ပုံတင် စာချုပ်စာတမ်းရုံးမှာ ပြုလုပ်ချုပ်ဆို ထားတဲ့ အပေးစာချုပ်လား”

“မေတ္တာနဲ့ ပေးကမ်းတဲ့ အပေး စာချုပ်က မှတ်ပုံတင်စာချုပ်စာတမ်း ပြုလုပ်ထားပါတယ်”

“မြေအမည်ပေါက် ပြောင်းထား သေးလား”

“မြေအမည်ပေါက်တော့ ပြောင်း တာမတွေ့ရဘူး။ ဂရန်မှာတော့ မိဘနှစ် ဦးအမည်ပေါက်အနေနဲ့ ရှိနေပါတယ်”

“ဒါဆိုရင်တော့လည်း အရှုပ် အထွေးမရှိ ရှင်းနေတာပဲလေ”

“ဟုတ်ပါတယ်။ ဒါကြောင့် ကျွန် တော်လည်း မိတ်ဆွေကို ဝယ်ဖို့ တိုက် တွန်းလိုက်တာပါ”

“ငွေအကြေတော့ မချေရသေး ဘူး မဟုတ်လား”

“စရန်ငွေပေးပြီး သတင်းစာထဲ ကန့်ကွက်သူရှိ မရှိ ကြေညာပါတယ်”

“ဒီမှာပဲ အမွေဆိုင်အဖြစ် ကန့် ကွက်သူပေါ်လာတယ်ဆိုပါတော့”

“ဟုတ်ပါတယ် ဆရာ”

“ဘယ်အချက်နဲ့ အခြေခံပြီး ကန့်ကွက်တာလဲ ပြောပါဦး”

“ကွယ်လွန်သူဖခင်ရဲ့ ပထမ အိမ်ထောင်မှ မွေးဖွားတဲ့သားလို့ အဆို ပြုကန့်ကွက်တာပါ ဆရာ”

“ဥပဒေအရဆိုရင်တော့ လင်ပါ သားပေါ့”

“ဟုတ်ကဲ့ ဆရာ။ ဒါနဲ့ သက် ဆိုင်တဲ့ ရောင်းမယ့်မိန်းကလေးကို မေးကြည့်တော့ ဟုတ်တယ်လို့ ပြော ပါတယ်။ ဒါပေမယ့် သူ့အမေနဲ့ အိမ် ထောင်ပြုတဲ့အချိန်မှာ အမွေခွဲပေးပြီး သားလို့ ပြောတယ်။ အခုအိမ်နဲ့ မြေ က သူ့အမေနဲ့ လက်ထပ်ပြီးမှ ဝယ်တဲ့ အိမ်ဖြစ်တယ်လို့ သိရတယ်”

“ဒါဆိုရင် ကွယ်လွန်သူ မိဘ များရဲ့ လက်ထက်ပွားနှစ်ပါးစုံ ပစ္စည်း ဖြစ်နေတာပေါ့”

“ဟုတ်ပါတယ် ဆရာ။ မိန်းက လေးပြောသလို လင်ပါသားကို ဖခင် က နောက်အိမ်ထောင်ပြုစဉ်မှာ အမွေခွဲဝေပေးထားရင် ရပိုင်ခွင့်မရှိ တော့ဘူး မဟုတ်လား”

“မှန်ပါတယ်။ မိဘနှစ်ဦးအနက် တစ်ဦး ကွယ်လွန်ပြီး ကျန်တစ်ဦးက နောက်အိမ်ထောင်ပြုခဲ့ရင် ကျန်ရှိတဲ့ သားသမီးက အမွေတောင်းခွင့်ရှိတယ် လို့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ရောင်းသူ မိန်း ကလေးပြောသလို ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုစဉ်မှာ သားဖြစ် သူကို အမွေခွဲဝေပေးပြီးကြောင်း အ ထောက်အထားရှိရင်တော့ ထပ်မံ တောင်းခွင့်မရှိတော့ဘူးပေါ့”

“တကယ်လို့ ဖခင်ကွယ်လွန်ချိန် က အမွေခွဲဝေရယူခဲ့ခြင်းမရှိဘဲ မိထွေးဖြစ်သူ ကွယ်လွန်မှ အမွေ တောင်းခွင့်ရှိပါသလား”

“ဒါကတော့ တောင်းခွင့်ရှိပါ တယ်။ ဖခင်ထံမှ အမွေလုံးဝမရသေး ဖို့ပဲ လိုပါတယ်”

“မိဘတွေက အိမ်နဲ့မြေကို မှတ်ပုံတင်စာချုပ်ပြုလုပ်ပေးထားတဲ့ ကိစ္စဆိုရင် ဘယ်လိုဖြစ်နိုင်ပါသလဲ”

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာ အမွေပုံပစ္စည်းအားလုံးကို သား သမီးတစ်ဦးတည်းထံပေးပိုင်ခွင့်မရှိ ဘူး။ ဥပဒေအရ ပျက်ပြယ်တယ်။ မိဘများ ကွယ်လွန်ချိန်မှာ ခွဲဝေဖို့ ပစ္စည်းကျန်ရှိရမှာဖြစ်ပါတယ်”

“တရားစွဲပယ်ဖျက်ရမယ့် သဘောပေါ့”

“မှန်ပါတယ်။ ဖခင်ထံက အမွေ လုံးဝမရသေးကြောင်း အထောက်အ ထား ခိုင်လုံမယ်။ မိဘများ ကွယ် လွန်သည့်အခါ ပေးကမ်းစာချုပ် ချုပ် ဆိုထားသည့် ပစ္စည်းတစ်ခုတည်းသာ ကျန်ခဲ့မယ်ဆိုရင် အဲဒီမြေနဲ့ အိမ်ဟာ အမွေဆိုင်အိမ်အဖြစ် ရပ်တည်နေမှာ ပဲ ဖြစ်တယ်”

“ကန့်ကွက်စာထဲမှာ အချက် တစ်ချက်ပါသေးတယ် ဆရာ။ အခု ရောင်းမယ်ဆိုတဲ့ အမျိုးသမီးက သူ့ ဖခင်နဲ့ မွေးဖွားတဲ့ သမီးမဟုတ်ဘူး။ ပထမအိမ်ထောင်ကပါလာတဲ့ သမီးလို့ လည်း ဖော်ပြထားတယ်”

“သြော်-ဒါဆိုရင် အိမ်ထောင် ကြီးချင်း လက်ထပ်တဲ့သဘောပေါ့”

“ဟုတ်ပါတယ် ဆရာ”

“ဒါဆိုရင် ပိုပြီးရှင်းလင်းလို့ လွယ်ပါတယ်’

“ရှင်းပြပါဦး ဆရာ၊ ဥပဒေအရ ဘယ်လိုရှိပါသလဲ”

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာတော့ လင်ပါမယားပါ သားသမီး များနဲ့ ပတ်သက်လို့ ပထမအိမ်ထောင် မှပါရင်း ပစ္စည်းအနေနဲ့ တစ်ဦးမျှမပါ ရှိဘဲ ဒုတိယအိမ်ထောင်လက်ထက်မှ ဖြစ်ထွန်းတဲ့ ပစ္စည်းများဖြစ်လျှင် လင် ပါသားသမီးနှင့် မယားပါ သားသမီး တို့ အမွေပုံ ထက်ဝက်စီရတယ်လို့ မောင်ဖိုးစန်နှင့် မောင်ဖိုးသက် ရန် ကုန်တရားစီရင်ထုံး အတွဲ ၃ စာမျက် နှာ-၄၃၈ မှာ အတိအလင်းပြဋ္ဌာန်း ထားပါတယ်”

“ဒါဆိုရင် ဒီကိစ္စမှာ တစ် ယောက်တစ်ဝက်စီယူရင်ဖြစ်ပြီပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် မှတ်ပုံ တင် အပေးစာချုပ်ရှိနေတော့ တရား စွဲဆို ပယ်ဖျက်ရမယ့် သဘောဖြစ်လို့ စရန်ငွေပြန်ပေးရင် ပြန်ယူလိုက်တာ ကောင်းလိမ့်မယ်”ဟု အကြံပြုဆွေး နွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်