ဖတူမိကွဲ သို့မဟုတ် မိတူဖကွဲသားသမီးများနှင့် ဆက်စပ်နေသော မြေနှင့် အိမ်ကို ဝယ်မည်ဆိုလျှင်

“အိမ်ဝယ်ဖို့ ကိစ္စဆွေးနွေးချင်လို့ ပါ ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သား က စာရေးသူထံရောက်လာပြီးပြော ခြင်းဖြစ်သည်။

“အိမ်ဆိုတော့ တိုက်ခန်းလား၊ မြေနဲ့အိမ်ကိုပြောတာလား”

“မြေနဲ့အိမ်ပေါ့ ဆရာ။ ဂရန်မြေ လို့ ပြောပါတယ်”

“ရောင်းမယ်ဆိုတဲ့ သူက ဂရန် မြေလို့ပြောပါတယ်”

“ရောင်းမယ်ဆိုတဲ့သူက ဂရန် မြေအမည်ပေါက်လား”

“အမည်တော့ မပေါက်ဘူးထင် တယ်။ သူ့အဖေအမည်ပေါက်လို့ ပြောပါတယ်”

“အမေက သက်ရှိထင်ရှားရှိ သေးသလား”

“အဖေနဲ့အမေနှစ်ဦးလုံး ကွယ် လွန်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီ မြေနဲ့ အိမ်ကိုရောင်းပြီး အခြားစီးပွား ရေး လုပ်မယ်ပေါ့လေ”

“ကျန်ရစ်တဲ့ သားသမီးက ဘယ် နှယောက်လဲ”

“ဒီသမီးရင်းတစ်ယောက်ပဲလို့ ပြောပါတယ်”

“သမီးရင်းဆိုတော့ အခြားသား သမီးရှိသေးလို့လား”

“ဒီလိုပါဆရာ။ အစကတော့ ရောင်းသူ သမီးတစ်ယောက်ပဲ ကျန်ရှိ တယ်လို့ သိပါတယ်။ ဒါကြောင့် အမွေဆက်ခံမှုရှင်းတယ်လို့ ယူဆပြီး ဝယ်ဖို့ဆုံးဖြတ်လိုက်တာပါ”

“ဒါနဲ့ စရန်စာချုပ် ချုပ်ပြီး စရန် ငွေချပေးလိုက်တယ်ပေါ့”

“မှန်ပါတယ်။ ထုံးတမ်းစဉ်လာ အတိုင်း ကန့်ကွက်ရန်ရှိ၊ မရှိ သတင်း စာမှာထည့် ကြေညာလိုက်မှ ကန့် ကွက်သူရှိနေတာသိရတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာလည်း ကန့်ကွက် စာတင်ထားတယ်လို့ သိရတယ်”

“ဘယ်သူက ကန့်ကွက်လာတာ လဲ”

“ဖခင်ဖြစ်သူရဲ့ ပထမအိမ် ထောင်က သားလို့သိရပါတယ်”

“သားဖြစ်သူလို့ပြောတဲ့ သူက ဘယ်မှာနေသလဲ။ အိမ်ထောင်ရှိသ လား”

“ငယ်ငယ်ကတော့အတူနေခဲ့ တယ်လို့ ကန့်ကွက်စာထဲမှာ ဖော်ပြ ထားတာတွေ့ရပါတယ်။ အိမ်ထောင် ကျပြီး အတူမနေတာ အနှစ် ၂ဝ ခန့် ရှိပြီလို့ ပြောပါတယ်”

“အခု အိမ်နဲ့မြေက မူလက တည်းက ဖခင်နေခဲ့တဲ့အိမ်လား”

“ပထမ အိမ်ထောင်နဲ့ကတည်း က နေခဲ့တာထင်တယ်”

“ဟုတ်ပြီလေ။ ဒါကြောင့်လည်း မြေကွက်အမည်ပေါက်က ဖခင်အ မည်နဲ့ ယခုတိုင်ရှိနေတဲ့ သဘောပေါ့”

“ဒုတိယအိမ်ထောင်မှာ ဇနီးဖြစ် သူက အရင်ကွယ်လွန်တာလား”

“ဖခင်ဖြစ်သူက အရင်ကွယ် လွန်သွားတယ်ထင်တယ်။ ဘာလို့လဲ ဆိုတော့ ရောင်းသူအမျိုးသမီးက မိခင်လည်းကွယ်လွန်သွားပြီဖြစ်လို့ ရောင်းတာဖြစ်ကြောင်း ပြောပါတယ်”

“ရောင်းတဲ့ မိန်းကလေးက အဲဒီ ကန့်ကွက်သူ ဖတူမိကွဲအစ်ကိုဖြစ်သူ ရဲ့ ကိစ္စကို ဘယ်လိုပြောသလဲ”

“သူ့ပြောစကားအရတော့ ကန့် ကွက်တဲ့သူအိမ်ထောင်ကျစဉ်မှာ ဖခင်ဖြစ်သူက အမွေခွဲပေးပြီးဖြစ်လို့ ရပိုင်ခွင့်မရှိတော့ဘူးလို့ ပြောပါတယ်”

“ဒါလည်း ဖြစ်နိုင်တာပဲလေ”

ဒါပေမယ့် ဆရာ၊ ကျွန်တော်က စရန်ငွေပေးထားပြီးဖြစ်တော့ အမှုအ ခင်းတွေဖြစ်မှာလည်း စိုးတယ်။ ဥပဒေ ကြောင်းအရဆိုရင် ဘယ်လိုဖြစ်လာ နိုင်သလဲဆရာ။ ကန့်ကွက်သူက အမွေရပိုင်ခွင့်ရှိပါသေးလား”

“အဆင့်ဆင့်စဉ်းစားကြည့်ရ မှာပေါ့လေ”

“ဟုတ်ကဲ့ပါဆရာ။ ကန့်ကွက် ကြောင်း သတင်းစာထဲပါလာတော့ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ပျာယာခတ်သွားတယ်ဆရာ”

“ဟုတ်မှာပေါ့။ ရှင်းတယ်လို့ဆို မှ ပြဿနာကဝင်လာတာကိုး။ ဥပဒေ ပိုင်းအရ ရှင်းအောင်ပြောရရင် အမွေ ဆိုတာက လူသားတိုင်းရဲ့ အပြီးအပိုင် ရပိုင်ခွင့် အခွင့်အရေးတစ်ရပ်ဖြစ် တယ်။ မိခင်ဖခင်ထံမှ အမွေပစ္စည်း ကျန်ရှိခဲ့ရင်တော့ဘယ်သားသမီးပဲ ဖြစ်ဖြစ် အမွေရရှိခံစားပိုင်ခွင့်ရှိ တယ်။ ပိတ်ပင်တားဆီးလို့မရဘူး”

“မိခင်ဖခင်မကွယ်လွန်မီက တည်းက သားသမီးတွေကို ခွဲဝေပေး ခဲ့ရင် ဖြစ်ပါသလား ဆရာ”

“မိခင်ဖခင် မကွယ်လွန်မီမှာ သားသမီးတွေကို အမွေခွဲဝေပေးထား ခဲ့ရင်တော့ ပြဿနာမရှိဘူးပေါ့။ ဒါ ပေမယ့် ကွယ်လွန်သွားသည့်တိုင် အမွေခွဲဝေခံစားခြင်းမရှိသေးရင် တော့ မိခင်ပဲဖြစ်ဖြစ် ဖခင်ပဲဖြစ်ဖြစ် ခင်ပွန်း၊ ဇနီးကွယ်လွန်လို့ နောက်အိမ် ထောင်ပြုခဲ့ရင် သားသမီးတွေက မိမိ ရဲ့ ဝေစုကို တောင်းဆိုခွင့်ရှိမှာဖြစ် တယ်”

“အခုကိစ္စမှာ သားဖြစ်သူ အရွယ်မရောက်သေးမီ ဖခင်ဖြစ်သူ က ဇနီးကွယ်လွန်လို့ နောက်အိမ် ထောင်ပြု လိုက်တာဖြစ်နေတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဘယ်လို ဖြစ်နိုင်ပါသလဲ ဆရာ”

“မှန်ပါတယ်။ ဥပဒေအရ ဘယ် အချိန်မှာ ထပ်မံအမွေတောင်းခွင့်ရှိမ လဲဆိုရင် သားဖြစ်သူက အရွယ် ရောက်လာချိန်မှာ ဖခင် နောက်အိမ် ထောင်ပြုမှုပေါ် မူတည်ပြီး အမွေ တောင်းဆိုခွင့်ရှိလာတယ်”

“ဖခင်မကွယ်လွန်မီတောင်းပိုင် ခွင့်ရှိသေးတယ်ပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် ဖခင် ကွယ်လွန်သည့်တိုင် အမွေလုံးဝ မရရှိ သေးရင်တော့ ကျန်ရစ်တဲ့ မိထွေးဖြစ် သူထံက အမွေတောင်းခွင့်ရှိပါတယ်”

“အခု ညီမဖြစ်သူ၊ ဟိုအိမ် ရောင်းမယ်ဆိုတဲ့ အမျိုးသမီးပေါ့လေ။ သူ့ပြောစကားအရ အစ်ကိုဖြစ်သူ အိမ်ထောင်ပြုစဉ်မှာ ဖခင်က အမွေခွဲ ပေးပြီးပြီလို့ ပြောတော့ ဆရာပြောသ လို ဖခင်နောက်အိမ်ထောင်ပြုတဲ့ အပေါ်တောင်းတဲ့ အမွေပုံလို့ပြောလို့ ရတာပေါ့နော်”

“မှန်ပါတယ်။ ဖခင်နောက်အိမ် ထောင်ပြုစဉ်က ရရှိထားတဲ့ ပစ္စည်း အပေါ် အမွေရခွင့်ရှိမှာဖြစ်ပါတယ်”

“ဒါဆို အခုမြေနဲ့ အိမ်ကအမွေ ပစ္စည်းထဲပါတာပေါ့နော်”

“မှန်ပါတယ်။ ဖခင်ရဲ့ ပထမ အိမ်ထောင်နဲ့ ရစဉ်က ပစ္စည်းမို့ သူတို့ ရဲ့ သားသမီးအရင်းက ဝေစုတစ်ဝက် ရခွင့်ရှိမှာဖြစ်ပါတယ်။ အဲဒီလို အမွေ ခွဲဝေပေးခဲ့ကြောင်း အထောက်အ ထား ခိုင်ခိုင်လုံလုံပြနိုင်ဖို့တော့ လို တယ်”

“အဲဒီလိုဖခင်မကွယ်လွန်မီမှာ အမွေရပြီးပြီဆိုရင်တော့ ဖခင်ရဲ့ နောက်အိမ်ထောင်အပေါ်သားဖြစ်သူ က အမွေရ ပိုင်ခွင့်မရှိတော့ဘူး ပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် ဖခင် နောက်အိမ်ထောင်ပြုမှုအပေါ်မူတည် ပြီး အမွေမတောင်းခဲ့ဘူးဆိုရင် ဖခင် ကွယ်လွန်ပြီးနောက်မိထွေးထံက အမွေတောင်းခွင့်ရှိတယ်”

“မိထွေးထံကလည်း အမွေ တောင်းခံခြင်းမရှိဘူးဆိုရင် ဘယ်လို ဖြစ်နိုင်သလဲ”

“ဖတူမိကွဲမောင်နှမတွေက ဥပဒေနဲ့အညီ အချိုးကျ အမွေဝေစု ကို ခံစားခွင့်ရမှာဖြစ်ပါတယ်”

“ဟုတ်ကဲ့ ရှင်းပါပြီဆရာ”ဟု ပြောဆိုကာ ဆွေးနွေးခကန်တော့ သွားပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်