အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ပြီးမှ အပေါင်ပစ္စည်းပါဟု တောင်းဆိုခွင့် မရှိခြင်း

“မြေနဲ့ အိမ်ဝယ်ဖို့ စရန်ပေးထားတယ် ဆရာ၊ ကန့်ကွက်ရန်ရှိမရှိ ကြေညာလိုက်တော့ ရောင်းထားတာမဟုတ်ဘူး။ အပေါင်ခံထားတဲ့အိမ်ဆိုပြီး ကန့်ကွက်လာတယ် ဆရာ၊ အဲဒါဘယ်လိုဖြစ်နိုင်ပါသလဲ သိချင်လို့ပါ”

မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်းဖြစ်သည်။

“တချို့က အိမ်မြေအပေါင်ခံတာကို အရောင်းစာချုပ် ချုပ်ဆိုပေးပါလို့ တောင်းဆိုတာမျိုးလည်းရှိတတ်တယ်။ အရပ်ထဲက စကားအရဆိုရင်တော့ ရောင်းပေါင်စာချုပ်လို့ ခေါ်တာပေါ့။ ဟန်ဆောင်စာချုပ်လို့လည်း ခေါ်ကြတယ်”

“ရောင်းပေါင်စာချုပ်က ဘယ်လိုမျိုးလဲ ဆရာ”

“ဥပဒေအရပြောရရင် အပေါင်ပစ္စည်းကို အပေါင်ခံသူထံ လက်ရှိပေးအပ်ရန်မလိုဘဲ ပေါင်နှံသူရဲ့ လက်ဝယ်မှာထားရှိပြီး စည်းကမ်းချက်သတ်မှတ်ကာ ရောင်းချတဲ့သဘောဖြစ်တယ်။ စည်းကမ်းချက် မှာတော့ အပေါင်ပစ္စည်းရဲ့ တန်ဖိုးငွေကို သဘောတူသတ်မှတ်ထားတဲ့ရက်မှာ ပေးဆပ်ရမယ်။ အကယ်၍ သတ်မှတ်ရက်မှာ မပေးဆပ်နိုင်ရင် အ ပေါင်ပစ္စည်းကို ရောင်းချခြင်းအပြီး အပြတ်ဖြစ်စေရမယ်။ အပေါင်ထား သူက အပေါင်ထားသည့်ပစ္စည်းကို အခြားသူသို့ ရောင်းလိုလျှင် အပေါင်ခံသူက ပစ္စည်းကို ဝယ်သူထံလွှဲ ပြောင်းပေးရမယ်စတဲ့ အချက်တွေနဲ့ ချုပ်ဆိုကြတာဖြစ်တယ်”

“ဒါပေမယ့် စာချုပ်မှာ အပေါင်ခံတယ်ဆိုတဲ့ စကားလုံးမပါဘဲ ပစ္စည်းကိုရောင်းကြောင်း အရောင်းအဝယ် စာချုပ်တိုက်ရိုက်ချုပ်ကြတယ်လို့ ပြောကြတယ် ဆရာ”

“ဟုတ်တယ်၊ လက်တွေ့မှာတော့ ရောင်းပေါင်စာချုပ်ကို ဥပဒေနဲ့အညီ ချုပ်ဆိုတာမရှိတော့ဘဲ တိုက်ရိုက် အရောင်းစာချုပ်အဖြစ်ချုပ်ဆိုလေ့ရှိ ကြတယ်။ ဒါကြောင့်လည်း အမှုအခင်းတွေဖြစ်နေတာပေါ့”

“အခုကိစ္စက တရားဝင်ဝယ်ထားတာဖြစ်လို့ ကျွန်တော်တို့ကို ရောင်းတာဖြစ်တယ်။ တရားဝင် ဝယ်ထားတာမဟုတ်ရင် မရောင်းရဲဘူးလို့ ပြောပါတယ်”

“ဒါဆိုရင် အခုရောင်းမယ်ဆိုတဲ့ အိမ်နဲ့မြေမှာ ဘယ်သူတွေနေသလဲ”

“ကျွန်တော့်ကို ရောင်းမယ်ဆိုတဲ့ သူမိသားစုနေပါတယ် ဆရာ”

“တချို့ကလည်း ရောင်းပေါင်ဆိုပြီး ပစ္စည်းလက်ရောက်ပေးအပ် လိုက်တာလည်း ရှိကြတယ်”

“ပေါင်တယ်ဆိုရင် ပစ္စည်းလက် ရောက်မပေးဘဲ စာရွက်စာတမ်းပဲပေး အပ်ထားလေ့ရှိတယ် မဟုတ်လား”

“မှန်ပါတယ်။ ပစ္စည်းကို လက်ရောက်ပေးအပ်ထားတယ်ဆိုတော့ ပေါင်နှံခြင်းဆိုတဲ့ ကိစ္စကအားနည်းသွားတာပေါ့”

“စရန်ပေးစာချုပ်ကိုပဲ ရောင်းပေါင်စာချုပ်လို့ အငြင်းပွားတာတွေ ရှိတယ်လို့လည်း ပြောကြတယ်။ ဟုတ်ပါသလား”

“ဒါကတော့ အခုကိစ္စနဲ့ မတူဘူး။ အရောင်းအဝယ်စရန်ပေးစာ ချုပ်အရ ငွေပေးချေရမယ့်နေ့မှာ ငွေ သွားချေတော့ မရောင်းနိုင်တော့ဘူး။ အပေါင်အနေနဲ့ ထားတာဆိုပြီး အငြင်းပွားကြတာဖြစ်တယ်”

“အမှုအခင်းများဖြစ်နိုင်သလား ဆရာ”

“လက်ရှိ နေထိုင်သူက အမှန်တကယ် တရားဝင်ဝယ်ထားရင်တော့ အငြင်းပွားစရာမရှိပါဘူး။ မြေကဂရန်မြေပဲလား၊ ဘယ်သူ့အမည်ပေါက်လဲ၊ အိမ်ကတိုက်ပဲလား”

“မြေက ဂရန်မြေဆရာ၊ အမည် ပေါက်ကတော့ အခုကန့်ကွက်တဲ့ သူရဲ့အမည်ပေါက်လို့ ပြောပါတယ်။ အိမ်က တစ်ထပ်တိုက်ပါ ဆရာ”

“အမည်ပေါက်ဖြစ်လို့လည်း ကန့်ကွက်တာဖြစ်မှာပေါ့။ ဒါပေမယ့် အရောင်းအဝယ်စာချုပ်က ဘယ်လို ချုပ်ထားသလဲ။ ကြည့်ခဲ့လား”

“အရောင်းအဝယ်စာချုပ်လို့ တွေ့ခဲ့ပါတယ်။ သူတို့ပြောစကားအရတော့ မြေကွက်နာမည်မပြောင်းရ သေးတာပဲရှိတယ်။ တရားဝင်ဝယ်ယူ ထားတာလို့ပြောပါတယ်”

“တချို့ကိစ္စတွေမှာ အရောင်းအဝယ်ကတိစာချုပ်အဖြစ်သာ ချုပ်ဆိုထားကြတာဖြစ်တယ်။ အမှန်က စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ထားမယ်ဆိုရင် အငြင်းပွားစရာမရှိဘူးပေါ့”

“မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ဟုတ်၊ မဟုတ်ဘယ်လိုသိနိုင် သလဲ ဆရာ”

“အရောင်းအဝယ် စာချုပ်မှာသက်ဆိုင်ရာက သတ်မှတ်ထားတဲ့ တန်ဖိုးအလျှောက် စာချုပ်တံဆိပ်ခေါင်း ကပ်ထားရမှာဖြစ်တယ်။ မှတ်ပုံတင်စာချုပ်ရုံးက တံဆိပ်ရိုက်နှိပ်ပြီး အရာရှိကိုယ်တိုင်လက်မှတ်ရေးထိုးထားတယ်။ လွယ်လွယ်ကူကူမှတ် ထားရင်တော့ မှတ်ပုံတင်စာချုပ်ရုံးက ခပ်နှိပ်တဲ့တံဆိပ်တုံးက အနီရောင်တံဆိပ်တုံးဖြစ်တယ်။ အဲဒီတံဆိပ်တုံးရိုက်နှိပ်ချက်မှာ စာချုပ်ချုပ်ဆိုတဲ့ရက်စွဲ၊ မှတ်ပုံတင်စာအုပ်။ နံပါတ် စတာတွေ ရေးသွင်းထားတာတွေ့ရ မယ်။ အဲဒါတွေ စိစစ်သိရှိနိုင်ပါတယ်”

“ဆရာပြောမှ ကျွန်တော်သတိရမိတယ်။ စာချုပ်ကဆရာပြောသလို အနီရောင်တံဆိပ်ဖြစ်မယ်ထင်တယ်။ တံဆိပ်ခေါင်းပါတဲ့ စာရွက်ပေါ်မှာ ကွန်ပျူတာစာရိုက်ထားတာပဲဆရာ”

“မောင်ရင်ပြောတဲ့ စကားအရဆိုရင်တော့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားတဲ့ သဘော ဖြစ်နေတယ်”

“ဒါဆို တရားဝင်တယ်ပေါ့နော်”

“မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဆိုရင်တော့ ဥပဒေနဲ့အညီရောင်းချခြင်းဖြစ်လို့ တရားဝင်ပိုင်ဆိုင်ခွင့်ရှိတယ်။ ရှင်းအောင်ပြောရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ဖြူနှင့်ဦးထွန်းလှ ၁၉၈၇ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ-၅၆ အမှုမှာ သက်သေခံအဖြစ် တင်ပြထားသော အိမ်အ ရောင်းအဝယ်စာချုပ်သည် အချင်း ဖြစ်အိမ်ကို ရောင်းချကြောင်း ဖော်ပြ ၍ မှတ်ပုံတင်စာချုပ်အဖြစ် ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်တယ်။ ယင်းစာချုပ်သည် အပေါင်စာချုပ်ကိုဟန်ဆောင်၍ အရောင်းစာချုပ်အဖြစ် ချုပ်ဆိုထားသောကြောင့် အပေါင်ရွေးနုတ်ခွင့်ပြုရန် တောင်းဆိုချက်မှာ ခွင့်ပြုရန် အကြောင်းမရှိပေ။ ပိတ်ပင် သည်ဟု ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာလည်း မှတ်ပုံတင်စာချုပ်စာတမ်းအဖြစ်ချုပ်ဆိုပြီး ဝယ်ယူထားတဲ့ အိမ်နဲ့မြေဆိုရင် ကန့်ကွက်ပိုင်ခွင့်မရှိတော့ဘူးပေါ့ နော်”

“မှန်ပါတယ်။ ဝယ်ယူထားတဲ့ စာချုပ်စာတမ်းက မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြစ်နေရင်တော့ တရားဝင် ရောင်းဝယ်ခြင်းဖြစ်တယ်လို့ ဥပဒေအရ သတ်မှတ်ရမှာဖြစ်တယ်။ အပေါင်စာချုပ် မဟုတ်ဘဲ ဥပဒေအရ အိမ်မြေဝယ်သူက ပိုင်ခွင့်ရှိမှာဖြစ်တယ်။ ဒါအပြင် အိမ်နဲ့မြေကို လက်ရောက်ရယူနေထိုင်သူ ဖြစ်နေတဲ့အတွက် အရောင်းအဝယ်ဟာ တရားဝင်အထမြောက်တယ်လို့ ဥပဒေအရ သတ်မှတ်သွားမှာဖြစ်ပါ တယ်”

“အမှန်တကယ်မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဟုတ်မဟုတ် သေချာကြည့်ရှုစစ်ဆေးပြီး ကျွန်တော်ရဲ့ အရောင်းအဝယ်ကိစ္စကို ဆောင် ရွက်ပေးပါ ဆရာ”ဟု တောင်းဆိုသဖြင့်-

“ကောင်းပါပြီ” ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်