ချွေးမ (သို့) သမက်ထံမှ အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်
“ယောက္ခမရဲ့ အမွေကို ချွေးမ က ရတယ်မဟုတ်လား”
မိတ်ဆွေတစ်ဦးသည် စာရေးသူရှိရာရုံးခန်းသို့ ရောက်လာပါသည်။ ရောက်ရောက်ချင်း အထက်ပါမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။
“ဘယ်လိုဖြစ်လာတာလဲ သူငယ်ချင်း၊ အရေးတကြီးရောက်လာပြီး အဆက်အစပ် ာမရှိမေးခွန်းတွေမေးနေပါ လား”
“ဇနီးသည်ရဲ့ အသိတစ်ယောက် နေတဲ့ အိမ်ဆရာ၊ ချွေးမက ရောင်းမယ်ဆိုတော့ ယောက္ခမနဲ့ သားသမီးတွေက ကန့်ကွက်တယ်။ ယောက္ခမက ဦးဆောင်ရောင်း မယ်ဆိုတော့လည်း ချွေးမကကန့်ကွက်ပြန်တယ်။ ဘယ်လိုဖြစ်လာနိုင်သလဲလို့”
“မြေနဲ့အိမ်က ဂရန်မြေလား၊ ဘယ်လို မြေအမျိုးအစားလဲ”
“ဂရန် မြေ ပေ ၄ဝ xပေ ၆ဝ ရှိမယ်ထင်တယ်”
“ပေ၄ဝxပေ ၆ဝ ဆိုရင်အတော် ရှားသွားပြီဗျ”
“ဟုတ်ပါတယ်။ အဲဒါကို တစ် ဝက်ခွဲရောင်းမယ်ပြောလို့ သွားကြည့် တာ”
“ပေ၂ဝxပေ ၆ဝ ခွဲရောင်းမယ့်သဘောပေါ့”
“ဟုတ်ပါတယ်။ ဒါပေမယ့် မူလအိမ်ကြီးက ပေ ၂ဝ နည်းနည်းကျော်နေတယ် ပြောတယ်”
“အခုရောင်းမယ်ဆိုတာက ဘေးဘက်က အိမ်လေးကို ရောင်းမှာ”
“ဘေးမြေကွက်လပ်မှာလည်း အိမ်ဆောက်ထားတယ်ပေါ့”
“ဟုတ်တယ် အဲဒီနှစ်ထပ်တိုက် လေးမှာ ချွေးမကနေတာ”
“လင်ယောကျ်ားဖြစ်သူက ကွယ်လွန်သွားလို့လား”
“ယောကျ်ားဖြစ်သူ ကွယ်လွန်သွားတာ နှစ်နှစ်နီးပါးရှိပြီပြောတယ်”
“အိမ်မကြီးက ဘယ်သူနေသလဲ”
“ယောက္ခမနဲ့ သူ့သမီးတစ် ယောက်သားတစ်ယောက်နေတယ်”
“ဂရန်က ဘယ်သူ့အမည်ပေါက်လဲ”
“အဘိုးကြီး၊ အဘွားကြီး အမည် ပေါက်နဲ့တူတယ်”
“အဘိုးကြီး၊ အဘွားကြီးဆိုတာက လင်ယောကျ်ားရဲ့ မိဘတွေပေါ့”
“ဟုတ်တယ်။ သူတို့နှစ်ဦးအမည်ပေါက်တယ်ပြောတယ်။ နောက်တော့ အဘိုးကြီးကွယ်လွန်သွားတယ်”
“ဒါဆိုရင် အဘွားကြီးတစ်ဦး တည်းပိုင်ဖြစ်သွားပြီပေါ့”
“အဲဒါခက်သွားတာ၊ အဘိုးကြီးရှိတုန်းက သားသမီးတွေကို အညီအမျှ အမွေခွဲပေးမယ် ပြောခဲ့ပြီးအခုမှ ချွေးမကို နှင်ချနေတာလို့ ပြောတယ်”
“ခင်ဗျားကလည်း ခပ်ရှုပ်ရှုပ် အိမ်ကိုလက်သျှိုဦးမယ်”
“ဒီလိုတော့မဟုတ်ဘူး။ မြေကွက်က ပေ ၂ဝ မပြည့်တော့အမြင်အတိုင်းပဲ ဝယ်မယ်လို့ စိတ်ကူးလိုက်တာ၊ ပြီးတော့ ဇနီးသည်ဘက်က ဆွေမျိုးမကင်းတော့ မြေကွက်ခွဲစိတ် ရင်လည်း အဆင်ပြေနိုင်တယ်ပေါ့”
“အင်းပေါ့လေ၊ ဒီလို စဉ်းစားတော့လည်း ဟုတ်သလိုပဲ”
“အမွေဆိုတာက အမွေရှင်ကွယ်လွန်မှရတာလေ၊ တစ်နည်းအားဖြင့်ပြောရရင် အခု ယောက္ခမသေမှ အမွေကိစ္စကို စဉ်းစားလို့ရမှာဖြစ်တယ်။ သူပိုင်ပစ္စည်းကိုကြိုပြီး အမွေ ခွဲပေးပါလို့ တောင်းပိုင်ခွင့်မရှိဘူး”
“ဒါကြောင့် ချွေးမကို နှင်ချဖို့ ကြိုးစားနေတာထင်တယ်”
“အဲဒီ နှစ်ထပ်တိုက်က ချွေးမနဲ့သားဖြစ်သူတိ့ု ငွေနဲ့ဆောက်ထားတာ ဟုတ်မဟုတ် မေးမကြည့်မိဘူးလား”
“အစကကားဂိုဒေါင်သဘောပေါ့၊ နောက်ပိုင်း သားအိမ်ထောင်ကျတော့ ချွေးမကိုပါခေါ်ထားတယ်။ အဆောက်အဦကို နှစ်ထပ်သဘောမျိုး ပြုပြင်နေတယ်လို့ သိရတယ်”
“ချွေးမဖြစ်သူက မိမိလင်ယောကျ်ားရဲ့အမွေကိုတော့ တိုက်ရိုက် ဆက်ခံခွင့်ရှိ တယ်။ အခုနေတဲ့ အိမ်၊ မြေကို မိဘတွေကသားဖြစ်သူကို အပေးစာချုပ်နဲ့ ပေးထားတယ်။ မိသားစု စီမံကိန်းစာချုပ်ချုပ်ဆိုပြီး နေပိုင်ခွင့်၊ အိမ်ဆောက်လုပ်ခွင့်ကို ပေးထားမယ်ဆိုရင်တော့ ချွေးမက ခံစားခွင့်ရှိနိုင်တယ်ပေါ့”
“သူငယ်ချင်းပြောသလို ပိုင်ရှင်က မကွယ်လွန်သေးတဲ့အတွက် သူ့ရဲ့အမွေကို ကြိုတင်ခွဲပေးဖို့ မတောင်းဆိုနိုင်ဘူးဆိုတော့ ယောက္ခမကွယ်လွန်မှ ချွေးမကရမယ့် သဘောလား”
“ဥပဒေအရကြည့်မယ်ဆိုရင် ဒီနေရာမှာသားဖြစ်သူက မိဘတွေထက်စောပြီး ကွယ်လွန်တာလား၊ မိဘတွေကွယ်လွန်ပြီးမှ ကွယ်လွန်တာလားဆိုတာကို အဓိကထားစဉ်းစားပါတယ်။ ပြီးတော့ ကွယ်လွန်သူမှာ သားသမီး ကျန်ရစ်ခဲ့ခြင်းရှိမရှိ ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားတယ်”
“အခုက သားသမီးမကျန်ရစ်ခဲ့ဘူးပြောတယ်”
“ဒါဆိုရင်တော့ ဥပဒေအရလည်း ယောက္ခမနဲ့ ချွေးမသူစိမ်းတွေ ဖြစ်သွားပြီပေါ့”
“အခုကိစ္စမှာတော့ ယောက္ခမမကွယ်လွန်သေးဘူး။ သက်ရှိထင်ရှား ရှိနေတယ်ဆိုတော့ အမွေခွဲပေးပါလို့ ချွေးမကတောင်းခွင့်မရှိဘူး”
“သားဖြစ်သူက မိဘထက်စောသေသွားလို့ အမွေပေးစရာမလိုဘူးလို့လည်း ပြောတယ်၊ ဒါက ဖြစ်နိုင်သ လား”
“မှန်ပါတယ်။ မြန်မာ့ဓလေ့ထုံး တမ်းဥပဒေအရဆိုရင်တော့ ဒီအချက်ဟာ အဓိကအကျဆုံးအချက်ဖြစ်တယ်။ အခုကွယ်လွန်သွားတဲ့ သားက နံပါတ် ဘယ်လောက်လဲ”
“ဒုတိယမြောက်လို့ သိရတယ်”
“သြရသသားမဟုတ်တဲ့အတွက် ဖခင်က အရင်ကွယ်လွန်သွားပေမယ့် သားဖြစ်သူက အမွေတောင်းခွင့်မရှိဘူး။ ဒီတော့ပစ္စည်းအားလုံးဟာ ဇနီးဖြစ်တဲ့ မိခင်ထံ ပိုင်ဆိုင်ခွင့်အား လုံးရသွားမှာဖြစ်တယ်”
“မိခင်ထက်သားဖြစ်သူက အရင်ကွယ်လွန်သွားတာကြောင့် အမွေမရနိုင်တော့ ဘူးပေါ့”
“သူငယ်ချင်းကိုရှင်းအောင် ပြောရရင် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အမွေရှင်ဖခင်ဖြစ်သူထက် သားက စောပြီးကွယ်လွန်သွားတဲ့အတွက် သားက ဖခင်၏ အမွေကို ဆက်ခံခွင့်မရှိပေ။ ဖခင်ကွယ်လွန်သွားသော် ချွေးမဖြစ်သူက ယောက္ခမ၏ အမွေကို ဆက်ခံခွင့်မရှိကြောင်း ဦးလှထွန်းနှင့် ဒေါ်မေဇင်ထွန်း ၂ဝ၁၆ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၆၆ မှာ ဖော်ပြထားတာကိုတွေ့ရတယ်။ ဒါကြောင့် အမွေရှင်မိဘများထက် စောပြီးသားသမီးများကွယ်လွန်ရင် မိဘများရဲ့အမွေကို ကွယ်လွန်သွားတဲ့ သားသမီးတွေက ရခွင့်မရှိလို့ သူတို့ရဲ့ ဇနီး ဒါမှမဟုတ် ခင်ပွန်းက ယောက္ခမထံမှ အမွေရခွင့်ရှိမှာမဟုတ်ပါဘူး”
“တကယ်လို့ သေဆုံးသူက သားသမီးကျန်ခဲ့ရင် ဘယ်လိုဖြစ်မလဲ”
“သားသမီးကျန်ခဲ့ရင်ဆိုတော့ တစ်နည်းအားဖြင့် အမွေရှင်နဲ့မြေးတော်သွားမှာပေါ့။ မြန်မာဓလေ့ထုံး တမ်းဥပဒေအရ အမွေမမီမြေးလို့သတ်မှတ်ပြီး အဘိုးအဘွားများ ကွယ် လွန်သွားရင် ဦးကြီး၊ ဒေါ်ကြီး၊ ဦးလေး၊ ဒေါ်လေးတို့နဲ့အတူ ကွယ် လွန်သူ ဖခင်ရဲ့ အမွေဝေစုကိုရရှိမှာဖြစ်တယ်။ တိုတိုပြောရရင်သွေးတော် စပ်သွားလို့အမွေရတဲ့ သဘောဖြစ်တယ်။ ဒါကြောင့် သေချာစဉ်းစားပြီးမှ ဝယ်ပါသူငယ်ချင်း”ဟု အကြံ ပေးလိုက်မိပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်