အရွယ်မရောက်သေးသည့် သားသမီးများ၏ပစ္စည်းများကို မိဘများက ရောင်းမည်ဆိုလျှင်
“ဆရာရေးသားတဲ့ အရွယ်မရောက်သေးတဲ့ မြေးဖြစ်သူထံ ပေးထားသည့် အိမ်နှင့် မြေကိုဝယ်လျှင်ဆောင်းပါးကိုဖတ်လိုက်ရပါတယ်။ အခုကျွန်တော့် ကိစ္စကလည်း ဆင်တူမျိုးဖြစ်နေလို့ လာရောက်ဆွေးနွေးတာပါ”
စာရေးသူ၏ ရုံးခန်းသို့ စာဖတ် ပရိသတ်တစ်ဦးရောက်လာ၍ ပြော ခြင်းဖြစ်သည်။
“ဟုတ်ကဲ့ အခုလိုစာဖတ်ပရိသတ်နဲ့ တွေ့ရတာဝမ်းသာပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေပိုင်ဆိုင်တဲ့အိမ်မြေကို ဝယ်မယ်ဆိုရင် ဆောင်ရွက်ရမယ့် ကိစ္စလေးတွေကိုသိစေချင်လို့ပါ။ အဲဒီဆောင်းပါးကို စျေးကွက်ဂျာနယ် အမှတ် ၁ဝ၁၁ မှာ ဖော်ပြခံထားရတာ ဖြစ်ပါတယ်”
“ဒါနဲ့ ဆရာ့ကို မိတ်ဆက်စကား မပြောရသေးဘူးဖြစ်နေတယ်။ ကျွန် တော်က စမ်းချောင်းမှာနေပါတယ်။ အစိုးရပင်စင်စားတစ်ဦးပါ။ ဦးအောင်မြင့်လို့ ခေါ်ပါတယ်ဆရာ”
“ဟုတ်ကဲ့ ဦးအောင်မြင့်၊ အခက် အခဲပြဿနာကိစ္စပြောပြပါဦး”
“ဒီလိုပါဆရာ၊ ဒဂုံမြို့သစ်မြောက်ပိုင်းက မြေကွက်တစ်ကွက်ကိုဝယ်ဖို့ သွားရောက်စုံစမ်းပါတယ်”
“ဒဂုံမြို့သစ်မြောက်ပိုင်းကတော့ ဂရန်မြေတွေများတယ်။ ဦးအောင်မြင့် စိစစ်ဖို့တော့ လိုမယ်”
“ဂရန်အစစ်ဟုတ်မဟုတ်၊ အမည်ပေါက်မှန်မမှန် စစ်ဆေးဖို့ လို တယ်လို့ သိရပါတယ်”
“ဟုတ်ပါတယ်။ အဲဒီလို ကိစ္စရပ်တွေလည်းရှိတတ်ပါတယ်။ အခု မြေက အမည်ပေါက်ကိုယ်တိုင်ရောင်း မှာလား”
“ဂရန်အမည်တော့ မပြောင်းရ သေးဘူး”
“ဒါဆိုရင် ထပ်ဆင့်ဝယ်ထားသူက ပြန်ရောင်းမှာပေါ့”
“မှန်ပါတယ်။ အရောင်းအဝယ် စာချုပ်တော့ရှိတယ်”
“စာချုပ်က မှတ်ပုံတင်စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ထားမထား ကြည့်မိသေးသလား”
“သူတို့ထုတ်ပြတာတော့ အဝယ်စာချုပ်မှာ မှတ်ပုံတင်စာချုပ်စာတမ်း ရုံးက တံဆိပ်တုံးတွေတော့ပါတယ် ဆရာ”
“ဒါဆိုရင်တော့ ဂရန်အမည်ပေါက်နဲ့ဆက်စပ်တဲ့ စာချုပ်ရှိနေတော့ ဦးအောင်မြင့်အနေနဲ့ တရား ဝင် ဝယ်ယူလို့ရပါတယ်”
“အဲဒီလိုတော့ ပြောပါတယ်။ ဒါပေမယ့်”
“ဒါပေမယ့်ဆိုတာက ဘယ်လိုဖြစ်လာရတာလဲ”
“ဝယ်လိုက်တဲ့ သူတွေက အမေနဲ့ အရွယ်မရောက်သေးတဲ့ သားသမီးတွေ ဖြစ်နေလို့”
“ဦးအောင်မြင့် ပြောစကားအရဆိုရင် အမေဖြစ်သူနဲ့ အရွယ်မရောက်သေးတဲ့ သားသမီးတွေက ပူးတွဲဝယ်ယူတဲ့ သဘောဖြစ်မယ်ထင်တယ်။ အရွယ်မရောက်သူ သားသမီးကဘယ်နှယောက်လဲ”
“သားတစ်ယောက်၊ သမီးတစ်ယောက်ပါ”
“အရွယ်မရောက်သေးတဲ့ သားသမီးကိုယ်စား ဘယ်သူက လက်မှတ်ထိုးသလဲ”
“အမေကပဲ အုပ်ထိန်းသူအနေနဲ့ လက်မှတ်ထိုးထားပါတယ်”
“ကလေးတွေ အဖေက ဘယ်ရောက်သွားလို့လဲ”
“အဖေဖြစ်သူက နိုင်ငံခြား သင်္ဘောလိုက်နေတော့ ဇနီး၊ သား သမီးတွေ အမည်နဲ့ ဒီအိမ်မြေကို ဝယ် ပေးထားတာဖြစ်တယ်”
“ဖခင်ဖြစ်သူက သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင်တော့ သူ့ရဲ့ သဘောတူညီချက်တော့လိုမယ်ထင် တယ်”
“ဖခင်ဖြစ်သူက အရောင်းအဝယ်စာချုပ်မှာ သက်သေအဖြစ် လက်မှတ်ရေးထိုးပေးမယ်လို့တော့ ပြောပါတယ်”
“သားသမီးတွေက ပူးတွဲပိုင်ရှင်ဖြစ်လို့ သူတို့ရဲ့သဘောတူညီချက်မရှိဘဲ ရောင်းလို့မရဘူးလို့ အချို့ကပြောကြတယ်”
“အင်းပေါ့။ သားသမီးတွေအမည်နဲ့ ဝယ်ထားတာဆိုတော့ သူတို့လည်း ပူးတွဲပိုင်ရှင်ဖြစ်လာပြီပေါ့။ အခုအချိန်မှာ သားသမီးနှစ်ဦးလုံးက အသက် ၁၅ နှစ် မပြည့်သေးဘူး လား”
“အကြီးသမီးက အသက် ၁၈ နှစ်ပြည့်ဖို့ နှစ်လခန့်လိုမယ်ပြော တယ်”
“ဒါဆို နှစ်လခန့်စောင့်ပြီးမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်လုပ်ရင် ဖြစ်တာပဲလေ။ အဲ-ဒါပေမယ့် အငယ် က ၁၈ နှစ်ပြည့်ဖို့ ဘယ်လောက်လို သေးသလဲ”
“သားငယ်က လေးနှစ်ခန့်လိုသေးတယ်”
“အင်း-အတော်လိုသေးတာပဲ”
“အဲဒီသားငယ်အတွက် အုပ်ထိန်းသူအဖြစ်အမေကလက်မှတ်ထိုးလို့ မရဘူးလား”
“ဝယ်စဉ်ကိစ္စကတော့ ပြဿနာ မရှိဘူး။ မိမိကရယူမှာဖြစ်လို့ အုပ်ထိန်းသူအဖြစ် မိခင်၊ ဖခင်တို့က လက်မှတ်ရေးထိုးတာဟာ မိမိသားသမီးကို အပိုင်ဝယ်ပေးတဲ့ သဘော ဖြစ်လို့ ဥပဒေပြဿနာမရှိနိုင်ဘူး”
“ဆရာ့ပြောစကားအရဆိုရင် ဝယ်စဉ်က ပြဿနာမဖြစ်ပေမယ့် ရောင်းမယ်ဆိုရင် ပြဿနာရှိနိုင်တယ် ပေါ့”
“ဒီသဘောသက်ရောက်သွားပြီထင်တယ်။ အမှန်တော့ အရွယ်မ ရောက်သေးသူတို့က ပိုင်ရှင်ဖြစ်သွား ပြီဆိုတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ရောင်းမယ်ဆိုရင် သူတို့ရဲ့ အကျိုးကျေးဇူးအတွက်ရောင်းချကြောင်း အထောက်အထားခိုင်လုံတဲ့ တရားရုံး ရဲ့ ရောင်းချခွင့်အမိန့်ရှိဖို့လို့မှာ ဖြစ်ပါတယ်”
“ဒါဆိုရင် တရားရုံးရဲ့ ခွင့်ပြု ချက်မရဘဲ အရွယ်မရောက်သေးသူ တို့ပိုင်ပစ္စည်းကို ရောင်းချခွင့်မရှိဘူး ဆိုတဲ့ သဘောပေါ့”
“ဦးအောင်မြင့် နားလည်အောင်ရှင်းပြရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ‘ဒေါ်သန်းစိန်၊ ဒေါ်မြ မြနှင့် ဒေါ်အေးအေးကြည်ပါ (၃) ဦး။ ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ-၂၆၃’မှာ အရွယ်မ ရောက်သေးသူ သားသမီးများ၏ ပစ္စည်းများကို မိဘများကအုပ်ထိန်းသူအဖြစ် ရောင်းချခွင့်မရှိ၊ လွှဲပြောင်း ရောင်းချခဲ့လျှင်လည်း ပျက်ပြယ်သည်”လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် သက်ရှိထင်ရှားမိဘများက ပင် ရောင်းချခွင့်မရှိပါဘူး”
“ဒါဆို ဘယ်လိုဆောင်ရွက်ရ မလဲဆရာ”
“တရားရုံးမှာ ဥပဒေနဲ့အညီ အရွယ်မရောက်သေးသူနှင့် ၄င်းပိုင် ပစ္စည်းကို အုပ်ထိန်းခွင့်အရင် လျှောက်ရပါမယ်။ ပြီးမှ အရွယ်မရောက်သေးသူ အကျိုးအတွက် ¤င်း တို့ပိုင်ပစ္စည်းကိုရောင်းချခွင့် တရားရုံးမှာလျှောက်ထားခွင့်ပြုချက်ရမှ ရောင်းပိုင်ခွင့်ရှိမယ်ဖြစ်ပါတယ်”လို့ ရှင်းပြဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်