အိမ်ထောင်ရေးပြစ်မှုကျူးလွန်သူ၏ ပိုင်ဆိုင်ရာ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

“မြေနဲ့အိမ်ဝယ်ဖို့ သွားကြည့်တော့ ကွာရှင်းထားတဲ့ခင်ပွန်းက ကန့်ကွက်ထားတယ်လို့ ပြောတယ်။ ဘယ်လိုဖြစ်နိုင်သလဲ”

မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးခြင်းဖြစ်သည်။

“လင်မယား ကွာရှင်းထားပေမယ့် ပစ္စည်းခန်းမခွဲဝေရသေးလို့ဖြစ် မယ်ထင်တယ်။ တရားဝင်ဥပဒေနဲ့အညီ ကွာရှင်းတာဟုတ်ရဲ့လား။ အိမ်ကဆင်းသွားပြီး ခွဲခွာနေကြတာ လည်းရှိတတ်တယ်”

“ရောင်းမယ်ဆိုတဲ့ အမျိုးသမီးကတော့ ဂရန်မှာ သူ့အမည်ပေါက်ဖြစ်တယ်။ သူယောကျ်ားနဲ့ လွန်ခဲ့တဲ့ သုံးလလောက်က တရားဝင်ကွာရှင်း ပြီးသားလို့ပြောတယ်”

“ကွာရှင်းစာချုပ် တောင်းမကြည့်ဘူးလား”

“တရားရုံးမှာ ကွာရှင်းလျှောက်ထားလို့ တရားရုံးက ကွာရှင်းခွင့်ပြုလိုက်ကြောင်း ဆုံးဖြတ်ချက် အမိန့် စာကိုတော့ ထုတ်ပြတယ်”

“တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ကွာရှင်းခွင့်ရတယ်ဆိုရင်တော့ ဘာကြောင့် ကွာရှင်းခွင့်ပြုတယ်။ ပစ္စည်းစာရင်းခွဲဝေမှု ရှိမရှိပါလိမ့်မယ်”

“ဒါတော့ သေချာမဖတ်လိုက်မိဘူး”

“တရားရုံးအမိန့်စာကို ဓာတ်ပုံမိတ္တူကူးယူမထားလိုက်ဘူးလား”

“စရန်ငွေပေးတာမဟုတ်သေးလို့ ကူးယူခွင့်တော့မပေးဘူး၊ အချိန် မရွေးလာကြည့်ပါလို့တော့ ပြောတယ်”

“တရားရုံးက ကွာရှင်းခွင့်ပြုတယ်ဆိုရင်တော့ လင်ယောကျ်ားဘက်က အိမ်ထောင်ရေးပြစ်ချက် တစ်ခုခုကျူးလွန်ထားတာရှိမယ်ထင် တယ်”

“နောက်မိန်းမတစ်ယောက်နဲ့ လင်ယောကျ်ားကဖောက်ပြန်ပေါင်း သင်းနေလို့ဆိုပြီး အိမ်ပွဲစားကတော့ပြောတာပဲ၊ ဂရန်အမည်ပေါက်က မိန်းမအမည်ပေါက်ဆိုတော့ တားပိုင် ခွင့်မရှိဘူးလို့လည်း ပြောကြတယ်”

“အိမ်မြေအမည်ပေါက်က ဇနီးသည် အမည်ပေါက်ဖြစ်ပေမယ့် ဒီပစ္စည်းဟာ လင်မယားလက်ထပ်ပြီးမှဖြစ်ထွန်းတဲ့ လက်ထက်ပွား ပစ္စည်း၊ အမွေရပစ္စည်းစတဲ့ အခြေအနေမျိုး ဆိုရင် လင်မယားနှစ်ဦးပိုင် ပစ္စည်းအဖြစ်တည်ရှိနေမှာပဲဖြစ်တယ်”

“ဒါဆိုရင် လင်မယားနှစ်ဦးလုံး သဘောတူမှ ရောင်းလို့ရမယ့် ပစ္စည်း ပေါ့”

“မှန်ပါတယ်၊ လင်မယားနှစ်ဦး ကွာရှင်းကြတဲ့အခါ ပစ္စည်းခန်းပါ ခွဲ ဝေခဲ့ရင်တော့ ဥပဒေနဲ့အညီ ရပိုင်ခွင့် အပေါ်မှာ အခြားတစ်ဦးက ကန့် ကွက်ပိုင်ခွင့်မရှိဘူး”

“လင်မယားကွာရှင်းကြမယ်ဆို ရင် ပစ္စည်းခန်းပါ ခွဲဝေကြဖို့လိုတာ ပေါ့နော်”

“မှန်ပါတယ်၊ နှစ်ဦးသဘောတူ ကွာရှင်းတာပဲဖြစ်ဖြစ်၊ တရားရုံးရဲ့အမိန့် ဒီကရီအရ ကွာရှင်းတာပဲဖြစ် ဖြစ်၊ ပစ္စည်းခန်းပါ ခွဲဝေကြရင်တော့ နောင်လုပ်ရမယ့် ကိစ္စတွေမှာ ပြတ် ပြတ်ရှင်းရှင်းဖြစ်တာပေါ့”

“တရားရုံးမှာ ပစ္စည်းခန်းခွဲဝေခွင့်မပါပဲ၊ ကွာရှင်းခွင့်တစ်ခုတည်းသာ လျှောက်ထားရင်ရသလား”

“ရတယ် သူငယ်ချင်း၊ ဥပဒေအရ လင်မယားကွာရှင်းခွင့်တစ်ခုတည်းကိုပဲ ဦးစွာလျှောက်ထားမယ်၊ အနိုင်ရမှပစ္စည်းခွဲဝေပေးစေလိုမှု လျှောက်ထားတာတွေ လည်းရှိတယ်”

“ဒါဆိုရင် အခုကိစ္စမှာကွာရှင်းလိုမှုသာလျှောက်ထားပြီး လင်မယားပစ္စည်းခွဲဝေပေးမှု မလျှောက်ထားခဲ့လို့ လင်ယောကျ်ားကကန့်ကွက်တာ ဖြစ်မယ်ထင်တယ်”

“တစ်ခုတော့ရှိတယ်။ တရားရုံးက ကွာရှင်းခွင့်ပေးတယ်ဆိုတဲ့အတွက် လင်ယောကျ်ားဖြစ်သူက အိမ်ထောင်ရေးပြစ်ချက်ကြောင့် ကွာရှင်း ပေးတာဖြစ်နိုင်တယ်။ ဒီလိုကိစ္စရပ်မျိုးဆိုရင်တော့ အမွေဆက်ခံခွင့်ဟာ ပြောင်းလဲသွားတယ် သူငယ်ချင်း”

“ရှင်းပြလို့ရရင် ရှင်းပြပါလား၊ ဗဟုသုတအဖြစ်ပေါ့”

“အိမ်ထောင်ရေးပြစ်ချက်မှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရသာ မန်ရက်စက်မှုနဲ့ ကြီးလေးသောရက်စက်မှုလို့ နှစ်မျိုးခွဲခြားထားတယ်။ ကြီးလေးတဲ့ ရက်စက်မှုကို ကျူးလွန်လို့ လင်မယားပစ္စည်းခွဲဝေကြမယ်ဆိုရင် အပြစ်ရှိသူရဲ့ ပါရင်းပစ္စည်းအပါအဝင် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရသင့် သည့် ဝေစုကို ဆုံးရှုံးခံရမယ်လို့ ဖော်ပြထားပါတယ်”

“ကြီးလေးတဲ့ ရက်စက်မှုဆိုတာ ဘယ်လို ကိစ္စရပ်မျိုးကို ခေါ်တာလဲရှင်းပြပါဦး”

“မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မယားဖြစ်သူက ဖောက်ပြန်မှုမှာ ကြီးလေးတဲ့ အိမ်ထောင်ရေးပြစ်မှုလို့ သတ်မှတ်ထားပါတယ်။ လင်ဖြစ်သူ ထောင်ကျနေစဉ် မယားက နောက် အိမ်ထောင်ပြုခြင်းသည် ဖောက်ပြန် ခြင်းမည်ပေသည်။ မယားသည် လင် မယားနှစ်ဦးပိုင် ပစ္စည်းများမှ အခွင့် အရေးဆုံးရှုံးခြင်းခံရမည်ဖြစ်ကြောင်း အောင်ဖြူနှင့် သက်နှင်း အမှတ် ၈ အယ်ဘီအာ၊ စာမျက်နှာ ၅ဝ မှာ အတိအလင်း ဖော်ပြထားတာရှိတယ်။ ဒါကြောင့်မယားဖြစ်သူက ဖောက်ပြန်မှုရှိရင်တော့ မိမိရဲ့ ဝေစုကို ဆုံး ရှုံးခံရမှာပဲဖြစ်တယ်”

“လင်ယောကျ်ားက ဖောက်ပြန်ပြီး နောက်အိမ်ထောင်ပြုထားရင်လည်း အတူတူပဲလား”

“မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၃၁ ရက်က ပြဋ္ဌာန်းခဲ့တဲ့ တစ်လင်တစ် မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမတိုင်မီက လက်ထပ်ခဲ့သော လင်မယားများမှာ လင်ယောကျ်ားများအနေနဲ့ မယားအများယူပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့်တစ်လင်တစ် မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမပြဋ္ဌာန်းမီက အိမ်ထောင်ပြုခဲ့ကြပြီး လင်ဖြစ်သူက နောက်အိမ်ထောင်ပြုတယ်ဆိုတဲ့အချက်ဟာ ကြီးလေးတဲ့ အိမ်ထောင်ရေး ပြစ်မှုမဟုတ်လို့ မိမိဝေစုကို ဆုံးရှုံးပိုင်ခွင့်မရှိဘူး။ အညီအမျှ ခံစားခွင့်ရှိမှာဖြစ်တယ်”

“တစ်လင်တစ်မယား ဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်းမှ လက်ထပ်ခဲ့တဲ့ လင်မယားဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ”

“တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၄ မှာ လင် သို့မဟုတ် မယားသည် တည် ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာ ဓလေ့ထုံးစံအရ ဖြစ်စေ ထိမ်းမြားမှုတည်မြဲနေစဉ် အခြားသူနှင့် ထပ်မံထိမ်းမြားလျှင် တရားမဝင် ထိမ်းမြားခြင်းဖြစ်၍ ဤ ဥပဒေအရ အိမ်ထောင်ရေး ပြစ်မှု ကျူးလွန်ကြောင်း ဖော်ပြထားပါ တယ်။ အဲဒီလို အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူလင်ဖြစ်စေ မယားဖြစ် စေ တစ်ဦးဦးသည် လင်မယားကွာ ရှင်းရာ၌ နှစ်ပိုင်ပစ္စည်းနှင့် ပတ်သက် ၍ မိမိဝေစုကို ဆုံးရှုံးခံရမယ်လို့ တစ်လင်တစ်မယားစနစ် ဥပဒေပုဒ်မ ၁၅ မှာ အတိအလင်းပြဋ္ဌာန်းထားပါ တယ်”

“ဒါဆိုရင်အခုကိစ္စဖြစ်တဲ့ လင်ယောကျ်ားက ဖောက်ပြန်ပြီးနောက် အိမ်ထောင်ပြုတဲ့ကိစ္စမှာ တစ်လင်တစ်မယားစနစ်ဥပဒေနဲ့ အကျုံးဝင် မဝင်လေ့လာဖို့လိုမှာပေါ့”

“တရားရုံးမှာ ကွာရှင်းတယ်ဆိုတဲ့အတွက် တရားရုံးရဲ့အမိန့်ကို သေချာဖတ်ရှုပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း”ဟု အကြံပြုလိုက်ပါ သည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်