မိဘများ မကွယ်လွန်မီ သားသမီးက အမွေဆိုင်ပစ္စည်းဟု ကန့်ကွက်ထားသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
“လာ-သူငယ်ချင်း၊ ရောက်နေ တာကြာပြီလား”
တစ်နေ့က နံနက် ၉ နာရီခန့်တွင် စာရေးသူ၏ ရုံးခန်းရှေ့၌ ထိုင်စောင့်နေသော မိတ်ဆွေကို စာရေးသူမှ နှုတ်ဆက်ကြိုဆို လိုက်ခြင်းဖြစ် သည်။
“တရားရုံးမှာ အမှုစစ်ဖို့ သူငယ် ချင်း ထွက်သွားရင် မမီမှာစိုးရိမ်တာ နဲ့ စောစောလာခဲ့တာ”
“ဒီနေ့တော့ နေ့လယ်မှ သွားရ မှာဆိုတော့ အချိန်ရပါတယ်၊ ကိစ္စ ပြောပါဦး”
“ကိုယ့်သမီးက အိမ်နဲ့ မြေကို ဝယ်ဖို့စရန်ငွေ တစ်စိတ်တစ်ပိုင်းပေးပြီး သတင်းစာထဲမှာ ကန့်ကွက်ရန် ရှိမရှိ ကြော်ငြာထည့်လိုက်တာပါ”
“ဒီတော့ ကန့်ကွက်သူပေါ်လာတယ်ပေါ့”
“သမီးဖြစ်သူက အမွေဆိုင် ပစ္စည်းဆိုပြီး ကန့်ကွက်တယ်။ အဲဒါ ဘယ်လို ဖြစ်နိုင်သလဲ”
“ရောင်းမယ်ဆိုတဲ့ သူက မိဘ အရင်းလား၊ မြေကွက်အမည်ပေါက် က ဘယ်သူလဲ”
“အမေဖြစ်သူက ကွယ်လွန်သွား ပြီ၊ အဖေပဲ ရှိတော့တယ်”
“အဖေက နောက်အိမ်ထောင်ပြု သွားလို့လား”
“အိမ်ထောင်လည်း မပြုဘူး၊ သားဖြစ်သူနဲ့ အတူနေတာ”
“သားဖြစ်သူက အိမ်ထောင် သည်လား”
“သားကလည်း အိမ်ထောင်မကျ သေးဘူး၊ သားအဖနှစ်ယောက်တည်းမို့ အခုအိမ်နဲ့ မြေကိုရောင်းပြီး တိုက် ခန်းမှာဖြစ်ဖြစ် နေမယ် စိတ်ကူးတယ် ပြောတာပဲ”
“မြေကွက် အမည်ပေါက်က မိဘနှစ်ဦးရဲ့ အမည်ပေါက်ပေါ့”
“အဖေကြီး အမည်ပေါက်လို့ ပြောတယ်။ အစက သမီးရှိကြောင်း မပြောဘူး”
“သမီးဖြစ်သူကို စွန့်လွှတ်ထား လို့လား၊ တစ်ခုခုရှိမှာပေါ့”
“နောက်ပိုင်းမှ သိရတာက သမီး က သဘောမတူသူနဲ့ အိမ်ထောင်ပြု လို့ အမေရှိစဉ်ကတည်းက သမီးအ ဖြစ်မှ စွန့်လွှတ်ကြောင်း သတင်းစာထဲ မှာ ကြေညာထားတယ်လို့ ပြောတာပဲ၊ အမွေပြတ် စွန့်လွှတ်ထားလို့ သူနဲ့ မဆိုင်ဘူးဆိုပြီး ပြောတယ်”
“အင်းပေါ့လေ၊ နောက်ပိုင်း အမွေအဖြစ် တောင်းဆိုမှာစိုးလို့ အိမ် ကို ရောင်းလိုက်တဲ့ သဘောပေါ့”
“သားသမီးအရင်းဆိုတော့ အမွေ ရပိုင်ခွင့်တော့ရှိတယ် မဟုတ်လား”
“ဒါပေမယ့် မိဘတွေ သက်ရှိ ထင်ရှားရှိနေစဉ်မှာတော့ အမွေ တောင်းပိုင်ခွင့်မရှိဘူး”
“ကွယ်လွန်သွားတဲ့ မိခင်ဝေစုကို တော့ အခုကတည်းက တောင်းပိုင်ခွင့် ရှိတယ်လို့ ပြောတယ်။ အဲဒါက ဟုတ် သလား”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ၊ သြရသသားသမီး (မွေးချင်းထဲ မှာ အကြီးဆုံးသားသမီး) ဆိုရင်တော့ သမီးဖြစ်သူက မိခင်ကွယ်လွန်ရင် သားဖြစ်သူက ဖခင်ကွယ်လွန်သွား ရင် မိဘတစ်ဦးထံကနေ အမွေ တောင်းခွင့်ရှိတယ်”
“အခု ကိစ္စက သမီးဖြစ်သူက အငယ်ဖြစ်နေတော့ သူငယ်ချင်း ပြောသလို သြရသတော့မဖြစ်နိုင်ဘူး ထင်တယ်”
“မှန်ပါတယ်။ သြရသသမီးမ ဟုတ်လို့ ဖခင်ထံက အမွေတောင်းခွင့် မရပါဘူး။ ဒါပေမယ့် ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုသွားရင်တော့ သားသမီး အားလုံးက ကွယ်လွန်သူ မိခင်ရဲ့ ဝေစုကို ဥပဒေနဲ့အညီ အမွေ တောင်းဆိုပိုင်ခွင့်ရှိပါတယ်”
“ဖခင်ဖြစ်သူက တစ်သက်လုံး နောက်အိမ်ထောင်မပြုခဲ့ရင် ဘယ်လို ဖြစ်မလဲ”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ အမွေဆိုတာ အမွေရှင်ကွယ် လွန်မှ ကျန်ရှိတဲ့ ပစ္စည်းအပေါ် အမွေ ဆက်ခံသူတွေက ဥပဒေနဲ့အညီ အ မွေခွဲဝေရယူပိုင်ခွင့်ရှိမှာဖြစ်တယ်။ အခုကိစ္စမှာ ဖခင်က တစ်သက်လုံး နောက်အိမ်ထောင်မပြုဘဲ ကွယ်လွန် သွားခဲ့မယ်ဆိုရင် ဖခင်ကွယ်လွန်မှ အမွေခွဲဝေရပိုင်ခွင့်ရှိမှာ ဖြစ်တယ်”
“ဖခင်ကွယ်လွန်သွားရင် မိခင် ဝေစုက ဘယ်လိုဖြစ်သွားမလဲ”
“မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရ ဇနီး သို့မဟုတ် ခင်ပွန်းကွယ် လွန်သွားရင် ကျန်ရစ်တဲ့ ခင်ပွန်းသို့ မဟုတ် ဇနီးက ကွယ်လွန်သူ ဇနီးသို့ မဟုတ် ခင်ပွန်းရဲ့ အမွေဝေစုကို ရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ အခုကိစ္စ မှာ ကွယ်လွန်သွားတဲ့ ဇနီးသည်ရဲ့ ဝေစုဟာ ခင်ပွန်းထံရောက်ရှိသွားမှာ ဖြစ်တဲ့အတွက် မြေနဲ့ အိမ်တစ်ခုလုံး မှာ ဖခင်တစ်ဦးတည်းပိုင်ဖြစ်သွား မယ် သူငယ်ချင်း”
“မိဘက သားသမီးအဖြစ် အမွေ ပြတ်စွန့်လွှတ်ထားတဲ့ ကိစ္စက ဘယ် လို ဖြစ်သွားနိုင်သလဲ”
“ဒါကတော့ ဖခင်ကွယ်လွန်ပြီး ကျန်တဲ့ မောင်နှမတွေ လက်ထက်မှာ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်။ တရား စွဲဆိုတောင်းခံကြမှာဖြစ်တဲ့အတွက် တရားရုံးက ဥပဒေနဲ့အညီ ဆုံးဖြတ် ပေးသွားမှာဖြစ်ပါတယ်”
“မိဘတွေရှိစဉ်ကတည်းက အ မွေရပိုင်ခွင့်မရှိ၊ အမွေပြတ်သားသမီး ဖြစ်ကြောင်းအပြီးအပြတ်ဆောင်ရွက် သွားလို့ မရဘူးလား”
“အခြားဘာသာခြားမှာတော့ သေတမ်းစာရေးသားခွင့်ရှိတဲ့အတွက် မိဘတွေ ကွယ်လွန်ခြင်းမရှိသေးပေမယ့် မိဘတွေက မိမိသားသမီးကိုဖြစ်စေ၊ အခြားမည်သူ့ကိုဖြစ်စေ မိမိပိုင် ပစ္စည်းများကို သေတမ်းစာရေးပြီး အပြီးပိုင်ပေးခွင့်ရှိပါတယ်။ ဗုဒ္ဓဘာ သာဝင်တွေကတော့ မြန်မာ့ဓလေ့ထုံး တမ်းဥပဒေအရ ဘယ်သားသမီး တော့ အမွေရစေ၊ ဘယ်သားသမီး တော့ အမွေရခွင့်မရှိဘူးဆိုပြီး မိမိ မကွယ်လွန်မီမှာအပြီးအပြတ်ဆောင် ရွက်လို့ မရပါဘူး”
“ဒါဆိုရင် အမွေပြတ်ကြေညာ တာက အဓိပ္ပာယ်မရှိဘူးလို့ ပြောချင် တာလား”
“ဒီလို မဟုတ်ဘူး။ အမွေဆက် ခံခွင့်ရှိ မရှိဆိုတာကတော့ အမွေဆိုင် အချင်းချင်း အငြင်းပွားတရားစွဲဆိုတဲ့ အခါမှာ တရားရုံးက ဥပဒေနဲ့အညီ အမွေဆက်ခံခွင့်ရှိ မရှိ ဆုံးဖြတ်ပေး သွားမှာဖြစ်တယ်။ အမွေရှင်ဖြစ်သူက တော့ မိမိမကွယ်လွန်မီမှာ သေတမ်း စာ သဘောမျိုး အတည်ပြုဆောင် ရွက်လို့ မရဘူး သူငယ်ချင်း။ ဒါနဲ့ ပတ် သက်လို့ ရှင်းအောင်ပြောရရင် တရား ရုံးချုပ်က ဆုံးဖြတ်ထားတဲ့ စီရင်ထုံး တစ်ခုကို ပြောပြမယ်”
“ဗဟုသုတရတာပေါ့ကွာ၊ ပြော ပါဦး”
“ဒေါ်စိန်ကြည်နှင့် ဦးသန်းစိန် ၁၉၉၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီ ရင်ထုံး စာမျက်နှာ ၃၄ အမှုမှာ ဖခင် ဖြစ်သူ ဦးသန်းစိန်က သမီးရင်း ဒေါ်စိန်ကြည်အပေါ် အမွေဆက်ခံ ခွင့်မရှိသော သားသမီးဖြစ်ကြောင်း တရားရုံးတော်မှ မြွက်ဟကြေညာပေး စေလိုမှု လျှောက်ထားခဲ့ပါတယ်။ တရားရုံးချုပ်က ဖခင်ဖြစ်သူမှာ နောက်အိမ်ထောင်ပြုသည်ကို မတွေ့ရချေ။ ဖခင်မုဆိုးဖို အသက်ရှင်နေစဉ်အတွင်း သမီးဖြစ်သူမှာ အမွေခံ ထိုက်မခံထိုက် အခွင့်အရေးမပေါ် ပေါက်သေးချေ။ အမွေဆက်ခံခွင့် ရှိမရှိသည် အမွေရှင်မိဘများ ကွယ်လွန်ပြီးမှ အမွေဆိုင်အချင်းချင်း ပြော ဆိုရမည့် ပြဿနာဖြစ်သည်။ မိဘ ပိုင် ပစ္စည်းများတွင် သမီးဖြစ်သူက အမွေဆက်ခံခွင့်ကို ပိတ်ပင်စေရန် အတွက် သေတမ်းစာ သဘောမျိုး အတည်ပြုစေခြင်းဖြစ်သဖြင့် အမှုစွဲ ဆိုခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်”
“ဒါဆိုရင် အခုဝယ်မယ့် အိမ် မြေကိစ္စမှာ ဘယ်လိုဖြစ်နိုင်သလဲ”
“ဖခင်သက်ရှိ ထင်ရှားရှိနေတဲ့ အတွက် သားသမီးတွေက အမွေ တောင်းပိုင်ခွင့်မရှိသေးတာကြောင့် မြေနဲ့အိမ်ကို ပိုင်ရှင်ဖြစ်သူ ဖခင်က စီမံခန့်ခွဲခွင့်ရှိတယ်လို့ပဲ ပြောရမယ် သူငယ်ချင်း”ဟု ရှင်းပြဆွေးနွေးလိုက် ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်