ပါမစ်မြေကို ဝယ်မည်ဆိုလျှင် – ၂
ယခုအခါ ပါမစ်မြေကိုပင် မြေခွဲစိတ် ဝယ်ယူသည့်အခါ တွေ့ကြုံရသည့် မိတ်ဆွေတစ်ဦး၏ ဆွေးနွေးမှု ကို ဗဟုသုတအဖြစ် ဖော်ပြ လိုက်ပါ သည်။
“ဟိုတလောက ပါမစ်မြေဝယ် မယ်ဆိုတာ ဝယ်ဖြစ်သွားသလား”
စာရေးသူကပင် မိမိထံ ထပ်မံ ရောက်ရှိလာသော မိတ်ဆွေအားမေး လိုက်ခြင်းဖြစ်သည်။
“စာရွက်စာတမ်း မပြည့်စုံတာနဲ့ မဝယ်ဖြစ်လိုက်ဘူး”
“အခု ကိစ္စက ဘယ်လိုဖြစ်လို့ လဲ”
“အခုလာရတဲ့ ကိစ္စက ပါမစ် မြေကွက်တစ်ကွက်ကို ဝယ်ဖို့လာ ဆွေးနွေးတာပဲ။ ဒါပေမယ့် တစ်ကွက် လုံး မရောင်း ဘူး။ မြေခွဲရောင်း မှာမို့ ဖြစ်နိုင်ခြေရှိ မရှိ လာဆွေးနွေးတာ သူငယ်ချင်း”
“မြေကွက်ကတော့ ခွဲရောင်းလို့ ရပါတယ်။ ဒါပေမယ့် ပါမစ်မြေဖြစ် နေတော့ တရားဝင်ခွဲစိတ်လို့တော့ မရဘူး”
“ဒါဆို ရောင်းသူဝယ်သူနှစ်ဖက် သဘောတူတိုင်းတာပြီး ခွဲဝယ်ရမယ့် သဘောပေါ့”
“ဒီသဘောမျိုးဆိုပေမယ့် ခွဲဝေ ရောင်းချဝယ်ယူကြောင်း အရောင်း အဝယ်ကတိစာချုပ်တစ်ခုတော့ ချုပ် ဖို့လိုတယ်”
“ငွေပေးဝယ်တဲ့ ကိစ္စပဲ သေသေ ချာချာကို အရောင်းအဝယ် စာချုပ် ချုပ်ရမှာပေါ့ သူငယ်ချင်းရယ်”
“ကဲ ထားပါတော့၊ အခုဝယ်မယ် လို့ စိတ်ကူးထားတဲ့ ပါမစ်မြေရဲ့ အခြေအနေကို ပြောပြပါဦး”
“မြေချပါမစ်အမည်ပေါက်က တော့ ဖခင်ရဲ့ အမည်ပေါက်ဖြစ် တယ်။ မြေကွက်က ပေ ၄ဝ x ပေ ၆ဝ မြေကွက်ဖြစ်တယ်။ မြေချပါမစ် နဲ့အတူ မြေပုံနဲ့ မိသားစုဓာတ်ပုံတွေ ပါရှိတာတွေ့ရတယ်”
“စာရွက်စာတမ်းကတော့ သူ ငယ်ချင်းရဲ့ ပြောစကားအရဆိုရင် ပြည့်စုံမှန်ကန်တဲ့ သဘောမှာရှိတယ်”
“အေး ခက်တာက အမည် ပေါက် ဖခင်နဲ့ မိခင်နှစ်ယောက်လုံး ကွယ်လွန်သွားကြပြီ”
“ကျန်တဲ့ သားသမီးက မြေကွက် ကို ခွဲရောင်းမယ်ပေါ့”
“သားသမီးနှစ်ယောက်ရှိတယ်။ တစ်ဦးစီက မြေကွက်ကိုခွဲပြီး အိမ် ဆောက်နေထိုင်ကြတယ်။ အခုရောင်းမယ်ဆိုသူက သားဖြစ်သူနေ တဲ့ အပိုင်းကို ရောင်းမှာဖြစ်တယ်”
“ဒါဆိုရင် ခက်ခက်ခဲခဲမရှိပါ ဘူး”
“ခက်တာက ပါမစ်မူရင်းက အ ခြားဘက်ခြမ်းမှာ နေတဲ့ သူ့ညီမလက် ထဲမှာရှိတယ်။ သူ့လက်ထဲမှာ မိတ္တူ ဓာတ်ပုံမိတ္တူပဲရှိတယ် လို့ ပြောတယ်။ ဒါကြောင့် ဝယ်ဖို့ အဆင်ပြေပါ့မလား သိချင်တာ”
“အခု ဆောက်ထားတဲ့ အိမ်နှစ် အိမ်က ခြံစည်းရိုးကာထားလား”
“အိမ်တစ်အိမ်နဲ့ တစ်အိမ်ကြား မှာတော့ ခြံစည်းရိုးကာထားတာ မရှိဘူး။ နှစ်ဦးနှစ်ဖက်သဘောတူတိုင်း တာထားတဲ့ ပေ ၂ဝ အကွာ အဝေး အတိုင်း နယ်ကုန် အိမ်ဆောက်ထား တော့ အိမ်နှစ်အိမ်ကြားမှာ ခြံစည်းရိုး ကာထားတာ မရှိဘူးပေါ့”
“အင်းလေ ဒါကတော့ ပေ ၂ဝ ပြည့် မပြည့် နှစ်ဖက်သဘောတူတိုင်း တာကြပြီး ခြံစည်းရိုးကာလို့ရပါတယ် လေ”
“ပါမစ်မြေကို ဝယ်ရင် အ ရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်လို့ မရဘူးဆိုတော့ ပါမစ်မူရင်းလည်း မရှိဘူးဆိုရင် တရားဝင်ပိုင်ဆိုင်ခွင့် ရနိုင်ပါ့မလား”
“အမှန်တကယ် ဝယ်မယ်ဆိုရင် တော့ အရောင်းအဝယ် ကတိစာချုပ် မှာ သေချာရေးသားဖော်ပြဖို့တော့လို မယ် သူငယ်ချင်း”
“ဂရန် လျှောက်ရင်တော့ တစ် ဖက်ခြမ်းမှာနေတဲ့ ညီမနဲ့တွဲပြီး လျှောက်ရမယ်ပြောတယ်”
“မှန်ပါတယ်။ တစ်ဖက်ခြမ်းမှာ နေတဲ့ ညီမနဲ့ ပေါင်းပြီး ဂရန်သစ် လျှောက်လို့ရတယ်။ အဲဒီလို ဆောင် ရွက်ပေးဖို့ ညီမဖြစ်သူက အရောင်း အဝယ်ကတိစာချုပ်မှာ အသိသက် သေအဖြစ် လက်မှတ်ထိုးဖို့လိုတယ်။ ဒါမှ သူနဲ့အတူပေါင်းပြီး ဂရန် လျှောက်လို့ရမှာဖြစ် တယ်”
“တကယ်လို့ ညီမဖြစ်သူက ဂရန်လျှောက်တဲ့အခါ ဝယ်ထားသူကို အသိမပေးပဲ တစ်ခြံလုံးအတွက် ဂရန်လျှောက်ထားခဲ့ရင် ဘယ်လို လုပ် မလဲ”
“ဒါလည်း မကြာခဏဖြစ်တတ် တဲ့ ကိစ္စပဲ။ ဂရန်လျှောက်ရင်တော့ သက်ဆိုင်ရာ မြို့တော်စည်ပင်သာ ယာက ကန့်ကွက်သူရှိ မရှိ သတင်းစာ မှာ ကြော်ငြာလေ့ရှိတယ်”
“တကယ်လို့ မကြည့်မိဘဲ ကျော် သွားခဲ့ရင် ဘယ်လိုဖြစ်နိုင်သလဲ၊ ကန့် ကွက်သူမရှိဆိုပြီး သူတစ်ဦးတည်း အ မည်နဲ့ ဂရန် ရသွားနိုင် တာပေါ့”
“ဒါမျိုးလည်း မဖြစ်ဘူးလို့တော့ အတိအကျမပြောနိုင်ဘူး။ တစ်ခုရှိ တာက ဂရန်လျှောက်ထားမယ်ဆိုရင် တော့ သက်ဆိုင်ရာ ရပ်ကွက်ကောင်စီမှာ နေထိုင်ကြောင်း ထောက်ခံချက်အပါအဝင် လက်ရှိ ပိုင်ဆိုင်ခွင့်ရှိသူ ဖြစ်ကြောင်းစတဲ့ လိုအပ်သမျှ ထောက်ခံချက် ရယူတယ်။ စာရွက် စာတမ်း ပြည့်စုံမှ ဂရန်လျှောက်လို့ရတာဖြစ်တယ်”
“ဒါဆိုရင် အရောင်းအဝယ် ကတိစာချုပ်မှာ သက်ဆိုင်ရာ ရပ် ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ က အသိသက်သေအဖြစ် လက်မှတ် ရေးထိုးကြမယ်ဆိုရင် အသိပေးပြီး သား ဖြစ်သွားနိုင်တာပေါ့”
“မှန်ပါတယ်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးထံမှာ ချုပ်ဆိုရင် အကောင်း ဆုံးပေါ့။ အဓိကအချက်က အရောင်း အဝယ်ကတိစာချုပ်မှာ ဂရန်လျှောက်ထားရင် တစ်ဖက်ခြမ်းမှာ နေသူနဲ့ ပူးတွဲဂရန်လျှောက်ခွင့်ရအောင် ရောင်းသူက တာဝန်ယူ ဆောင်ရွက် ပေး မည်ဖြစ်ကြောင်း ဆိုတဲ့ အချက် ဖော်ပြပါရှိရမှာဖြစ်တယ်”
“ဒါဆိုရင် တစ်ဖက်သတ် ဂရန် လျှောက်ထားလို့ မရနိုင်ဘူးပေါ့”
“တကယ်လို့ တစ်ဖက်သတ် ဂရန်လျှောက်ထားလို့ ရသွားရင် လည်း မိမိအနေနဲ့ ရောင်းသူကို ကတိ ပဋိညာဉ်အတိုင်း ဆောင် ရွက်ပေးစေ လိုမှုဖြင့် တရားရုံးမှာ တရားစွဲပြီး အခွင့်အရေးတောင်းဆိုခွင့် ရှိမှာဖြစ် တယ်”
“သူငယ်ချင်းပြောသလို ဂရန်ကို နှစ်ဦးပေါင်းလျှောက်မယ်ဆိုရင် ပူးတွဲ အမည်ပေါက်ဖြစ်နေမှာလား”
“ဒါကတော့ လွယ်ပါတယ်။ ပူးတွဲအမည်ပေါက်ထွက်လာရင် မိမိတို့မနေကြတဲ့ မြေကွက်တစ်ခြမ်းစီကို အပြန်အလှန် စွန့်လွှတ်ကြောင်း စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ပြုလုပ်မယ်။ အဲဒီစွန့်လွှတ် စာချုပ်ကို မြို့တော် စည်ပင်သာယာရေး ကော်မတီ ရဲ့ သက်ဆိုင်ရာ ဌာနထံ တင်ပြပြီး မြေကွက်ခွဲစိတ်ပေးရန် (ဂရန်ခွဲ) လျှောက်ထားရင် မိမိအမည် ပေါက် ဂရန်သစ် ရရှိမှာဖြစ်တယ် သူငယ်ချင်း”ဟု ရှင်းပြဆွေးနွေးလိုက် ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်