သေတမ်းစာဖြင့် ပေးခဲ့သော မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
“သူငယ်ချင်းနဲ့ တိုင်ပင်စရာ ရှိလို့ ဝင်လာတာ”
မိတ်ဆွေတစ်ဦးက စာရေးသူ၏ ရုံးခန်းသို့ ရောက်လာခြင်းဖြစ်သည်။
“ဘာပြဿနာပေါ်လာလို့လဲ”
“ပြဿနာတော့မဟုတ်ပါဘူး။ အိမ်ဝယ်ဖို့ ကိစ္စပါ”
“တိုက်ခန်းလား၊ မြေနဲ့ အိမ် လား”
“မြေနဲ့ အိမ်ဆိုပါတော့၊ အိမ်က သေးသေးပါပဲ”
“မြေပိုင်ဆိုင်မှုအငြင်းပွားနေလို့ လား”
“အငြင်းပွားတာတော့ မဟုတ် ဘူး။ သေတမ်းစာနဲ့ ပေးသွားတာကို ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို သိချင်လို့”
“သေတမ်းစာအရ သူက ဘယ် သူ့ကို ပေးသွားတာလဲ”
“ဖခင်က သူ့သားနဲ့သမီးကို ပေး သွားတာ”
“မိခင်က မရှိတော့လို့လား”
“မိခင်လည်းရှိတယ်။ ဒါပေမယ့် အမေဖြစ်သူက ဗုဒ္ဓဘာသာ ကိုးကွယ် သူ ဖြစ်နေတယ်။ အဖေက ခရစ် ယာန်ဘာသာ ကိုးကွယ်တယ်”
“၂ဝ၁၅ ခုနှစ် မြန်မာ ဗုဒ္ဓ ဘာသာဝင် မိန်းမများ အထူးထိမ်း မြားခြင်းဆိုင်ရာ ဥပဒေအရ ကိုးကွယ် ဘာသာမတူသူ ခင်ပွန်းရဲ့ အမွေ ဝေစု ဟာ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမ က ဆက်ခံမှာဖြစ်တယ်။ မိခင်ဖြစ် သူက ဗုဒ္ဓဘာသာဝင်ဖြစ်လို့ မိခင် ကွယ်လွန်ရင် သားသမီးတွေက မြန် မာ့ဓလေ့ထုံးတမ်း ဥပဒေနဲ့အညီ အ မွေဆက်ခံခွင့်ရမှာဖြစ်တယ်။ တကယ်တော့ ဖခင်ဖြစ်သူက သူ့ပိုင် ဝေစုကို သားသမီးတွေထံ သေတမ်း စာရေးပေးဖို့ မလိုပါဘူး။ ဥပဒေအရ အလိုအလျောက် ပိုင်ဆိုင်ခွင့်ရသွား မှာဖြစ်တယ်”
“သေချာစေချင်လို့ သေတမ်း စာရေးပေးခဲ့တာဖြစ်မှာပေါ့။ အခု လို သေတမ်းစာပေးသွားတဲ့ ကိစ္စ မျိုးရှိတဲ့ မြေနဲ့အိမ်ကို ဝယ်မယ်ဆိုရင် ဘယ် လိုဆောင်ရွက်ရမလဲဆိုတာ သိချင် တာ”
“သူငယ်ချင်းက ဝယ်မယ် စိတ် ကူးလို့လား”
“ငါ့ဇနီးဘက်က ဆွေမျိုးနီးစပ် တော်တယ်ဆိုတော့ ဝယ်ထားပြီး ငွေကြေးအကူအညီပေးမယ် စိတ် ကူးလို့ပါ”
“ခဲခဲယဉ်းယဉ်းတော့ မရှိပါဘူး။ သေတမ်းစာမှာ သေတမ်းစာကို အ တည်ပြု လျှောက်ထားပေးရမယ့် သေ တမ်းစာ အတည်ပြုသူ တစ်ဦးကို ခန့် ထားကြောင်း ဖော်ပြချက် ရှိ မရှိ ပထမဦးဆုံး လေ့လာကြည့်ရှုရမယ်”
“ဇနီးဖြစ်သူကို ခန့်ထားတယ် လို့ ပြောသံကြားမိတယ်”
“ဒါဆိုရင်တော့ အဆင်ပြေ တာပေါ့။ သေတမ်းစာမှာ ပုံစံနှစ် မျိုးရှိတယ်။ ပထမတစ်မျိုးက အ စောကပြောခဲ့သလို သေတမ်းစာထဲ မှာ သေတမ်းစာပါ အချက်များ အတိုင်း အတည်ပြုဆောင်ရွက်ပေး ဖို့ အတည်ပြုသူတစ်ဦးကို အမည်နဲ့ တကွ ဖော်ပြပြီး ရေးသား တဲ့ သေတမ်း စာဖြစ်တယ်။ နောက်တစ်မျိုး ကတော့ သေတမ်းစာ အတည်ပြုသူ ခန့်ထား ခြင်းမရှိဘဲ သေတမ်းစာအရ မည်သူ့ ကို အမွေပေးကြောင်း ဖော်ပြချက်သာ ပါရှိတဲ့ သေတမ်းစာဖြစ်တယ်”
“သေတမ်းစာကို စာချုပ်စာ တမ်းရုံးမှာ မှတ်ပုံတင်ထားတယ်လို့ လည်း ပြောတယ်”
“ကောင်းတာပေါ့။ ပိုပြီး ခိုင် မာလို့ အငြင်းပွားစရာဖြစ်မလာတော့ ဘူးပေါ့”
“သေတမ်းစာကို တင်ပြပြီး မြို့တော်စည်ပင်သာယာရေး ကော် မတီ မြေယာဌာနမှာ ဂရန်အမည် ပေါက် ပြောင်းလျှောက်ထားလို့ရပြီ လား”
“ဒီနေရာမှာ ဗုဒ္ဓဘာသာဝင် မြန်မာတို့နဲ့ ကွာခြားသွားတယ်။ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအရ မြန်မာဗုဒ္ဓဘာသာဝင် မိဘများက သားသမီးကို မေတ္တာနဲ့ ပစ္စည်းပေးကမ်းလို့ရတယ်။ မေတ္တာနဲ့ ပေး ကမ်းခြင်းစာချုပ်ကို မှတ်ပုံတင်ချုပ် ဆိုလိုက်ရုံနဲ့ ပိုင်ဆိုင်ခွင့် ပြောင်း လဲ သွားပြီဖြစ်တယ်။ အဲဒီ မေတ္တာနဲ့ ပေးကမ်းခြင်း စာချုပ်ပေါ်မူတည် ပြီး ဂရန်အမည်ပေါက် မိဘအမည် ကနေ ပေးကမ်းခြင်းကို လက်ခံတဲ့ သားသမီးအမည်ကို ပြောင်းလဲ လျှောက်ထားနိုင်တယ်။ ဒါ့အပြင် ပေးကမ်းခြင်း စာချုပ်ပေါ် အခြေ တည်ပြီး ယင်းမြေကွက် နဲ့ အ ဆောက်အအုံ လွှဲပြောင်းရောင်းချ ခြင်း အရောင်းစာချုပ်ကို မှတ်ပုံ တင် ချုပ်ဆိုနိုင်ပါတယ်။ သေတမ်း စာ ကတော့ သေတမ်းစာ တစ်ခုတည်းနဲ့ အမည်ပြောင်းလျှောက်ထားခြင်း၊ လွှဲ ပြောင်းရောင်းချခြင်း စာချုပ်တွေကို တစ်ခါတည်းချုပ်ဆိုလို့ မရဘူး”
“ဒါဆိုရင် ပိုင်ဆိုင်ခွင့်ချက်ချင်း မရသေးတဲ့ သဘောပေါ့”
“ဥပဒေအရဆိုရင်တော့ သူ ငယ်ချင်းပြောသလို ပိုင်ဆိုင်ခွင့်ကို ဥပဒေနဲ့အညီ တရားဝင်မရသေးဘူး လို့ ပြောရမှာဖြစ်တယ်”
“တရားဝင် ပိုင်ဆိုင်ခွင့်ရဖို့ ဘယ်လိုဆောင်ရွက်ကြရသလဲ”
“သူငယ်ချင်း နားလည် အောင် ရှင်းပြရမယ်ဆိုရင် ပထမအချက် အ နေနဲ့ သေတမ်းစာမှာ ဖော်ပြထားတဲ့ သေတမ်းစာ အတည်ပြုခွင့် ရှိသူ က သေတမ်းစာပါ ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ရန်အတွက် ဆောင်ရွက် ခွင့်ပြုဖို့ ခရစ်ယာန်ဘာသာဝင်၏ အ မွေဆက် ခံခြင်း ဥပဒေ အရ ‘သေတမ်း စာအတည်ပြုလက်မှတ်’ ထုတ်ပေးရန် သက်ဆိုင်ရာ တရားရုံးထံ လျှောက်ထားရပါတယ်။
ဒုတိယအချက်က တရားရုံးမှ သေတမ်းစာအတည်ပြု လက်မှတ်ထုတ်ပေးခဲ့ရင် သေတမ်းစာပါ ညွှန် ကြားချက်အတိုင်း ကွယ်လွန်သူ ပိုင် ပစ္စည်းကို လွှဲပြောင်းပေး ကမ်းခွင့်ပြုဖို့ တရားရုံးမှာ သေတမ်းစာ အတည်ပြု လက်မှတ်ရသူက ထပ်မံလျှောက်ထားရပါတယ်။
တတိယအချက်မှာ သေတမ်း စာ အတည်ပြု လက်မှတ်ရသူက တရားရုံး၏ ခွင့်ပြုချက်အရ သေ တမ်းစာပါအတိုင်း ပေးကမ်းခြင်း စာချုပ်ကို ပေးကမ်းခံရသူတို့နဲ့ စာ ချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ချုပ်ဆိုကြရပါတယ်။
စတုတ္ထအချက်က မှတ်ပုံတင် ပေးကမ်းခြင်းစာချုပ်ရမှ ယင်းစာ ချုပ်ပေါ်မူတည်ပြီး ဂရန်စာချုပ်ကို မြေကွက်အမည်ပြောင်းလျှောက် ထားရမှာဖြစ်တယ်။ မိမိရဲ့ အမည် ပေါက်ရမှ မြေနဲ့အဆောက်အအုံ ကို အခြားသူထံ ထပ်မံရောင်းချ ခွင့် ရမှာဖြစ်တယ်”
“အဆင့်တွေ အတော်များတာ ပဲ”
“မှန်ပါတယ်။ တရားဝင်ဖြစ်ဖို့ ကတော့ ဥပဒေနဲ့အညီ ဆောင်ရွက် ဖို့တော့ လိုတာပေါ့။ အခု သူငယ်ချင်း ကိစ္စက သေတမ်းစာ အတည်ပြုသူ အဖြစ် ဘယ်သူ့ကို ခန့်ထားခဲ့လဲ”
“ဇနီးသည်ကို ခန့်ထားခဲ့တယ် ပြောတယ်”
“ဒါဆိုပိုကောင်းတာပေါ့။ ကွယ် လွန်သူရဲ့ ဇနီးက သေတမ်းစာအ တည်ပြု လက်မှတ်လျှောက်ထားရ မယ်။ ရရင်တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ အပေးစာချုပ်ကို မှတ်ပုံတင် ရုံးမှာပြု လုပ်မယ်။ မိခင်နဲ့ သားသမီးတို့ရဲ့ အ မည်များကို မြေဂရန်မှာ ပူးတွဲ အမည် ပေါက်အဖြစ် ပြောင်းလဲပေးဖို့ လျှောက်မယ်။ ပြီးမှ ပူးတွဲပိုင်ရှင်များ ဖြစ်တဲ့ မိခင်နဲ့ သားသမီးတွေက သူ ငယ်ချင်းနဲ့ အရောင်း အဝယ် မှတ်ပုံ တင် အရောင်းစာ ချုပ်ပြုလုပ်ကြခြင်း ဖြင့် တရားဝင် ပိုင်ဆိုင်ခွင့်ရလာမယ် သူငယ်ချင်းဟု ရှင်းပြလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်