မြေရှင်ထံ ပြန်လည် လွှဲပြောင်းပေးထားသော ပြည်သူပိုင်သိမ်း တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

“အိုးအိမ်ဦးစီးဌာနက နေထိုင် ခွင့်ပြုထားတဲ့ တိုက်ခန်းကို ဝယ်ရင် တရားဝင်ပိုင်ဆိုင်ခွင့်ရပါသလား” ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေး လာပါသည်။

“အဲဒီလိုတိုက်ခန်းမျိုးရှိသေး လို့လား၊ အရင်ကတော့ အစိုးရက ပြည်သူပိုင်သိမ်းထားတဲ့ တိုက်ခန်း တွေလို့ ပြောဆိုကြတာဖြစ် တယ်။ မြေပိုင်ရှင်က အိုးအိမ်ဦးစီးဌာနပိုင် မြေလား”

“မြေပိုင်ရှင်က သီးခြားရှိ တယ်။ ပုဂ္ဂလိကပိုင်မြေပဲ”

“အိုးအိမ်ဦးစီးဌာနက နေထိုင် ခွင့်ပြုထားတဲ့ တိုက်ခန်းဆိုရင် တော့ လွှဲပြောင်းရောင်းချပိုင်ခွင့်မရှိ ဘူး။ မဝယ်တာ အကောင်းဆုံးပဲ”

“မြေပိုင်ရှင်ကို ပြန်ပေးထား တဲ့ အခန်းလို့လည်း ပြောတယ်”

“ဟုတ်တယ်။ ပြည်သူပိုင် သိမ်းထားတယ်ဆိုတဲ့ အဆောက် အအုံတစ်ခုလုံးကို ဖြစ်စေ၊ တိုက် ခန်းကိုဖြစ်စေ၊ ပိုင်ရှင်ကို ပြန်လည် ပေးအပ်ထားတာတွေလည်း ရှိ တယ်”

“အဲဒါမျိုးဆိုရင် မြေရှင်က ပြန်လည်ပိုင်ဆိုင်ခွင့်ရသွားပြီလား”

“ဥပဒေအရဆိုရင်တော့ မြေ ပိုင်ရှင်က အဆောက်အအုံ ဒါမှ မဟုတ် တိုက်ခန်းကို ပြန်လည် ပိုင် ဆိုင်ခွင့်ရသွားတယ်လို့ ပြောရ မယ်”

“ဒါဆိုရင် ပိုင်ရှင်ရဲ့ ခွင့်ပြု ချက်ရမှ ရောင်းချခွင့်ရှိတော့မယ့် သဘောပေါ့၊ ဒီလိုလား၊ မူလနေ ထိုင်တဲ့ သူက ဆင်းပေးရမှာလား”

“ပိုင်ရှင်ပြောင်းသွားရုံနဲ့ ဆင်း ပေးစရာမလိုပါဘူး။ ဒါပေမယ့် လွှဲ ပြောင်းရောင်းချခွင့်တော့ ခက်ခဲမှာ ဖြစ်တယ်”

“အပျောက်စနစ်နဲ့ လွှဲပြောင်း ရောင်းချခွင့်မရှိဘူးလား”

“မြေပိုင်ရှင်နဲ့ သဘောတူညီ ချက်ရယူပြီး ရောင်းချရင်တော့ အဆင်ပြေမှာ ဖြစ်တယ်။ မြေပိုင် ရှင်ရဲ့ သဘောတူညီချက်မရှိဘဲ မိမိ သဘောနဲ့ ရောင်းမယ်ဆိုရင်တော့ ကန့်ကွက်တာတွေ ပေါ်လာနိုင် တယ်”

“တိုက်ခန်းတွေကို အပျောက် ငွေပေးစနစ်နဲ့ ရောင်းချလွှဲပြောင်း ရင် မြေရှင်ရဲ့ သဘောတူညီချက် ရယူဖို့ မလိုဘဲ လွတ်လပ်စွာ ရောင်း ချခွင့်ရှိတယ်လို့ သိထားတော့ နည်းနည်းလွဲမနေဘူးလား”

“မြေပိုင်ရှင်ထံ အိမ်လခပေး နေတဲ့ တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ ကတော့ မိမိတိုက်ခန်းကို လွတ် လပ်စွာ ရောင်းချပိုင်ခွင့်ရှိတယ်။ တိုက်ခန်းလွှဲပြောင်းဝယ်သူက မြေ ပိုင်ရှင်နဲ့ သဘောတူညီချက် စာ ချုပ်ချုပ်ဆိုပြီး အိမ်လခဆက်လက် ပေးသွင်းရမှာဖြစ်တယ်။ ဒီနေရာ မှာ တိုက်ခန်းဝယ်သူအမည်ပေါက် ဖို့ တိုက်ခန်းကို လွှဲပြောင်းရောင်းချ သူက အမည်ပြောင်းခအဖြစ် မြေ ရှင်ထံနှစ်ဖက်သဘောတူ သတ် မှတ်ထားတဲ့ နှုန်းထားနဲ့ ငွေကြေး ပေးကြရတယ်။ ဒါပေမယ့် ပြည်သူ ပိုင် သိမ်းထားလို့ ပြန်အပ်တဲ့တိုက် ခန်းမျိုးကတော့ ဒီသဘောမဟုတ် ဘူး”

“တိုက်ခန်းအမျိုးအစားအတူ တူပဲ၊ သူလည်းလွှဲပြောင်းရောင်းချ ခွင့်ရှိရမှာပေါ့”

“အိုးအိမ်ဦးစီးဌာနက ချပေး တဲ့တိုက်ခန်းတွေဟာ အိမ်ငှားအ ဖြစ် သတ်မှတ်ချပေးထားတာဖြစ် တယ်။ တိုက်ခန်းပိုင်ရှင်အဖြစ် ချပေးထားတာမဟုတ်ဘူး။ အိုးအိမ် ဦးစီးဌာန စည်းကမ်းချက်တွေ၊ သတ်မှတ်ချက်တွေကို လိုက်နာရ တယ်။ သတ်မှတ်ထားတဲ့ ငှားရမ်း ခ (အိမ်လခ) ကိုလည်း အိုးအိမ် ဦးစီးဌာနကို ပေးသွင်းရတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ကို လိုက်နာပါမယ်လို့ ဝန်ခံကတိ လက်မှတ်ထိုးပြီး နေထိုင်ခွင့် လက် မှတ် ထုတ်ပေးတာဖြစ်တယ်”

“မြေပိုင်ရှင်ကို ပြန်လည်လွှဲ ပြောင်းပေးပြီးမှတော့ အိုးအိမ်ဦးစီး ဌာနက သတ်မှတ်ချက်တွေကို လိုက်နာဖို့ လိုသေးလို့လား”

“အေး၊ ဒီအချက်က ဥပဒေ ပြဿနာလို့ ဆိုရမှာပဲ”

“ဗဟုသုတအဖြစ် ရှင်းပြပါ ဦး သူငယ်ချင်း”

“အငှားချထားသူက အငှား ချထားတဲ့ ပစ္စည်းကို တစ်ဦးတစ် ယောက်ထံ လွှဲပြောင်းပေးခဲ့ရင် လွှဲပြောင်းပေးတဲ့ ပစ္စည်းနဲ့ ပတ် သက်လို့ အငှားချထားတဲ့ သူရဲ့ အခွင့်အရေးအားလုံးဟာ လွှဲ ပြောင်းလက်ခံသူထံ ရောက်ရှိသွား တယ်လို့ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေမှာ ပြဋ္ဌာန်းထားတယ်”

“ဒါဆိုရင် အိုးအိမ်ဦးစီးဌာန က မြေပိုင်ရှင်ကို လွှဲပြောင်းပေး လိုက်ပြီဆိုတော့ ဒီတိုက်ခန်းကို မြေ ပိုင်ရှင်ပိုင်ဖြစ်သွားပြီပေါ့”

“မှန်တာပေါ့။ ဒါကြောင့် အိုး အိမ်ဦးစီးဌာနက အိမ်ငှားအဖြစ် ထားရှိတဲ့ သူဟာ အိမ်ရှင်ပြောင်း သွားတဲ့အတွက် မြေပိုင်ရှင်ရဲ့ အိမ် ငှားအဖြစ် ဥပဒေသဘောအရ ရောက်ရှိသွားမှာဖြစ်တယ်”

“အိမ်လခကို မြေရှင်ကိုပေးရ မှာပေ့ါနော်”

“မှန်တာပေါ့။ အရင်က အိုး အိမ်ဦးစီးဌာနမှာ အိမ်လခသွင်းနေ ရပေမယ့် အခုတော့ မြေရှင်ထံပေး ရမှာဖြစ်တယ်။ ဒါတင်မကဘူး။ အိုးအိမ်ဦးစီးဌာနနဲ့ သဘောတူ ထားတဲ့ အချက်တွေကလည်း မြေ ရှင်နဲ့ သဘောတူထားတဲ့ စည်း ကမ်းတွေအဖြစ် ဥပဒေသဘော အရ ရောက်ရှိသွားတယ်”

“မြေရှင်နဲ့ သီးခြားထပ်မံပြီး ကတိစာချုပ် ချုပ်မယ်ဆိုရင် အိုး အိမ်ဦးစီးဌာနနဲ့ ချုပ်ဆိုထားတဲ့ စည်းကမ်းတွေ ပျက်ပြယ်သွားသ လား”

“အေး-မြေရှင်နဲ့ ထပ်မံပြီး အိမ်ရှင်၊ အိမ်ငှားစာချုပ်အသစ် ချုပ်မယ်ဆိုရင်တော့ မူလစည်း ကမ်းချက်တွေက ပျက်ပြယ်ပြီး မြေရှင်နဲ့ ချုပ်တဲ့ စာချုပ်ပါ စည်း ကမ်းအတိုင်း လိုက်နာရမှာဖြစ် တယ်”

“အဲဒီ မြေရှင်နဲ့ ချုပ်တဲ့ စာ ချုပ်မှာ တိုက်ခန်းကို ရောင်းချခွင့် ပြုမယ်ဆိုရင်တော့ ရောင်းချလွှဲ ပြောင်းခွင့်ရသွားမှာပေါ့”

“မှန်ပါတယ်။ သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံး ချုပ်က ဆုံးဖြတ်ထားတဲ့ ဗိုလ်မှူး ဇော်လင်းပါ နှစ်ဦးနဲ့ ဒေါ်စိန်တီ ၂ဝဝဝ ခုနှစ် မြန်မာနိုင်ငံ တရားစီ ရင်ထုံး စာမျက်နှာ – ၈၉ စီရင်ထုံး မှာ၊ အိုးအိမ်ဦးစီးဌာနက ဗိုလ်မှူး ဇော်လင်းကို အချင်းဖြစ်တိုက်ခန်း မှာ အိမ်ငှားအဖြစ် ငှားချထားခဲ့တယ်။ နောက်ပိုင်းမှာ အချင်းဖြစ် တိုက်ခန်းကို မြေပိုင်ရှင် ဒေါ်စိန်တီ အား ပြန်လည်လွှဲပြောင်းပေး ကြောင်း အိုးအိမ်ဦးစီးဌာနက စာ ထုတ်ခဲ့တယ်။ ဗိုလ်မှူးဇော်လင်းထံ လည်း အကြောင်းကြာစေပေးပို့ခဲ့ ပြီး၊ အိမ်လခများကို ဒေါ်စိန်တီထံ လွှဲပြောင်းပေးသွင်းဖို့ ညွှန်ကြားခဲ့ တယ်။ ဗိုလ်မှူးဇော်လင်းကလည်း အိမ်လခတွေကို ဒေါ်စိန်တီထံ ဆက်ပေးသွင်းခဲ့တယ်။

အိုးအိမ်ဦးစီးဌာနနဲ့ ဗိုလ်မှူး ဇော်လင်းတို့ရဲ့ ကတိစာချုပ်မှာ အိမ်ရှင်၏ ခွင့်ပြုချက်မရဘဲ အိမ် ခန်းတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ၊ ထပ်ဆင့် ငှား ရမ်းခြင်း မပြုရလို့ သဘောတူညီ ချက်ပါရှိတယ်။

ဗိုလ်မှူးဇော်လင်းက တိုက်ခန်း ကို အခန်းသုံးခန်းကန့်ပြီး ထပ်ဆင့် အငှားချထားတယ်။ ဒေါ်စိန်တီက ပဋိညာဉ်ဖောက်ဖျက်တယ်ဆိုပြီး ဗိုလ်မှူးဇော်လင်းအပေါ် အိမ်နှင် လိုမှုနဲ့ တရားစွဲဆိုတယ်။ တရားရုံး ချုပ်က ဒေါ်စိန်တီနဲ့ ဗိုလ်မှူးဇော် လင်းတို့ အိမ်ရှင်အိမ်ငှား သီးခြား စာချုပ် ချုပ်ဆိုထားခြင်း မရှိတဲ့ အတွက် မူလငှားရမ်းထားတဲ့ အိုး အိမ်ဦးစီးဌာနရဲ့ သဘောတူညီ ချက်ဟာ မပျက်ပြယ်ဘဲ အိုးအိမ် ဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်အားလုံး ဒေါ်စိန်တီထံ ရောက်ရှိသွားပြီဖြစ် လို့ ဒေါ်စိန်တီစွဲဆိုတဲ့အတိုင်း အနိုင်ဒီကရီ ချပေးခဲ့တယ်”

“ဒါဆိုရင် အခုဝယ်မယ့် တိုက်ခန်းကို မြေရှင်က ရောင်းပိုင် ခွင့်ပေးထားမထား စုံစမ်းရမှာပေါ့”

“မှန်ပါတယ်။ မြေရှင်နဲ့ တိုက် ခန်းနေထိုင်သူတို့ သီးခြားစာချုပ် ချုပ်ဆိုထားခြင်းရှိ၊ မရှိ၊ ရှိမယ်ဆိုရင် ရောင်းပိုင်ခွင့်ပေးထားခြင်းရှိ၊ မရှိ စုံစမ်းပြီး ရောင်းပိုင်ခွင့်ရှိမှ ဝယ် သင့်တယ် သူငယ်ချင်း”ဟု အကြံ ပြုဆွေးနွေးလိုက်ပါသည်။

 

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်