ငှားရမ်းခ ကြီးကြပ်ရေးဝန်၏ ခွင့်ပြုချက်အရ နေသူထံမှ တိုက်ခန်း ဝယ်မည်ဆိုလျှင်

မကြာသေးမီရက်ပိုင်းက ဖြစ် သည်။ စာရေးသူ၏ ရုံးခန်းသို့ တပည့်တစ်ဦး ရောက်လာပါသည်။ သူ့ကို မြင်လိုက်သည်နှင့် အခက် အခဲတစ်ခုနဲ့ ကြုံနေပြီဟု သိလိုက် သည်။ စိတ်ဓာတ်ကျနေပုံရသည်။

“ငါ့တပည့်ကြည့်ရတာ စိတ်မ ကြည်မလင်နဲ့ စိတ်ပျက်နေပုံရ တယ်။ ဘာအခက်အခဲတွေနဲ့ တွေ့ နေပြန်ပြီလဲ”

“ဒီလိုပါဆရာ၊ ကျွန်တော်က နယ်ကို ရုံးချိန်းသွားမှာမို့ အပြန်မှ အခုဝယ်မယ်ဆိုတဲ့ တိုက်ခန်းရဲ့ စာရွက်စာတမ်းတွေကြည့်ပေးမယ်။ စရန်မပေးနဲ့ဦးလို့မှာထားတာကို စရန်ငွေပေးဖြစ်အောင် ပေးလိုက် တယ် ဆရာ”

“အခု ဘာဖြစ်နေလို့လဲ”

“ကျွန်တော် ပြန်လာမှ စာ ရွက်စာတမ်းတွေကို စစ်ကြည့်လိုက် တော့ ငှားရမ်းခကို စံငှားရမ်းခအ ဖြစ် မြို့နယ်ငှားရမ်းခကြီးကြပ်ရေး ဝန်ရုံးက သတ်မှတ်ပေးထားပြီး၊ မြို့ နယ်ငှားရမ်းခကြီးကြပ်ရေး ဝန်ရုံး မှာပဲ ပေးသွင်းနေရတဲ့ တိုက်ခန်း ဖြစ်နေတယ်။ အခုမြေရှင်က လာ ပြီး ကန့်ကွက်နေတယ်လို့ ပြော တယ်ဆရာ၊ အဲဒါဘယ်လို ဆောင် ရွက်ရင်ရမလဲဆိုတာ သိချင်ပါ တယ် ဆရာ။ ရောင်းလို့ဝယ်လို့ ဖြစ် ပါသလား ဆရာ”

“တိုက်ခန်း အရောင်းအဝယ် ပြုလုပ်ရာမှာ မြေရှင်နဲ့ သဘောတူ ညီချက်ရယူဖို့မလိုဘဲ မိမိစိတ် ကြိုက်မည်သူ့ကိုမဆို လွတ်လပ် စွာ ရောင်းချခွင့်၊ လွှဲပြောင်းခွင့်ရှိတယ် လို့ “ဒေါ်ငွေသိန်းနဲ့ ဒေါ်သိန်းညွန့် ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ တရားစီ ရင်ထုံး စာမျက်နှာ ၁၇”မှာ ဆုံး ဖြတ်ညွှန်ကြားထားတာ သိတယ်မဟုတ်လား။ ဒါကြောင့် မြေရှင်အ နေနဲ့ကန့်ကွက်ပိုင်ခွင့်တော့မရှိဘူး၊ အခြားတစ်ခုခုကြောင့် ဖြစ် မယ် ထင်တယ်”

“မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေးဝန်ရုံးမှာ အိမ်လခပေး သွင်းနေရတယ်ဆိုတဲ့ ကိစ္စက ဖြစ် နိုင်လား ဆရာ”

“ဒီအချက်တစ်ခုတည်းနဲ့ တော့ မဖြစ်နိုင်ဘူး။ တချို့ အိမ် ရှင် (မြေရှင်) တွေက အိမ်လခတိုး တောင်းလို့ အိမ်ငှားက မြို့ပြဆိုင် ရာ ငှားရမ်းခကြီးကြပ်ရေး ဝန်ရုံး အခု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ မြို့ပြ ဆိုင်ရာ ငှားရမ်းခကြီးကြပ် ရေး အက်ဥပဒေ ပုဒ်မ ၂၇ အရ စံငှားရမ်းခ သတ်မှတ်ပေးပါလို့ လျှောက်ထားနိုင်တယ်။ ငှားရမ်းခ ကြီးကြပ်ရေး ဝန်ရုံးက အိမ်ရှင်ကို အကြောင်းကြားပြီး၊ စုံစမ်း စစ်ဆေး လို့ သင့်တော်တဲ့ ငှားရမ်းခကို စံငှားရမ်းခအဖြစ် သတ်မှတ်ပေး နိုင်တယ်။ အိမ်ငှားက သတ်မှတ် ပေးထားတဲ့ စံငှားရမ်းခကို အိမ် ရှင်ထံပေးဆောင်ရမှာဖြစ်တယ်။ အဲဒီမှာ အိမ်ရှင်က အိမ်ငှားရမ်းခ ကို လက်မခံဘူးဆိုရင် မြို့ပြဆိုင် ရာ ငှားရမ်းခကြီးကြပ်ရေး အက် ဥပဒေ ပုဒ်မ ၁၆ အရ မြို့နယ်ငှား ရမ်းခကြီးကြပ်ရေးဝန်ထံ ပေးသွင်း နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်”

“ဒါဆိုရင် အိမ်ရှင် (မြေရှင်) က၊ အိမ်ငှားရမ်းခကို မယူလို့ မြို့ နယ်ငှားရမ်းခကြီးကြပ်ရေး ဝန်ရုံး ဆရာပြောတဲ့ အခုမြို့နယ် အုပ်ချုပ် ရေးမှူး ရုံးထံ ပေးသွင်းတာဖြစ်မှာ ပေါ့နော်”

“အဲဒီလို ရိုးရိုးတန်းတန်းဆို ရင်တော့ တိုက်ခန်းဝယ်တဲ့သူက မြေရှင်ထံ စံငှားရမ်းခနှုန်းအတိုင်း အိမ်လခသွားပေးမယ် ၊ ဒါမှမဟုတ် ရင် မြေရှင်သဘောတူတဲ့ အိမ်ငှား ရမ်းခကို မြေရှင် (အိမ်ရှင်) ထံပေး မယ်၊ အိမ်ရှင်ကလည်း လက်ခံ မယ်ဆိုရင် အခြား ဘာပြဿနာမှ မရှိတော့ဘူးပေါ့။ တကယ်လို့ အိမ် ရှင်ဖြစ်သူက ငှားရမ်းခကို လက်မ ခံခဲ့ရင် တိုက်ခန်းဝယ်သူက ငှား ရမ်းခ ကြီးကြပ်ရေးဝန်ထံ အိမ်ငှား အဖြစ် ဆက်လက်နေထိုင်ခွင့်နဲ့ ငှားရမ်းခပေးသွင်းခွင့်ပြုဖို့ လျှောက် ထားရမှာဖြစ်တယ်”

“ဆရာပြောမှ ကျွန်တော် သတိရတော့တယ်ဆရာ”

“ကဲ-ပြောပါဦး”

“အခု တိုက်ခန်းရောင်းမယ့် သူကို ငှားရမ်းခကြီးကြပ်ရေး ဝန်ရုံး က နေထိုင်ခွင့်ချပေးထားတဲ့ အခန်းလို့ပြောတယ် ဆရာ၊ ဒါကြောင့် ရောင်းလို့ မရဘူးဆိုပြီး ကန့်ကွက် တာလို့လည်းပြောတယ်”

“ဟုတ်ပြီ၊ အခုမှပဲ ရှင်းတော့ တယ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီး ကြပ်ရေးဝန်က တိုက်ခန်းရောင်း မယ့် သူကို မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ ပိုဒ်ခွဲ (၁) အရ၊ ဆက်လက်နေထိုင် ခွင့်နဲ့ စံငှားရမ်းခ သတ်မှတ်ပေး ထားတာဖြစ်တယ်”

“ဟုတ်ကဲ့ ဆရာ”

“အဲဒီလို အခြေအနေမျိုးဆို ရင်တော့ အခြားသူကို ဥပဒေအရ မိမိသဘောအလျောက် ရောင်းချ ခွင့်မရှိဘူး”

“ဆရာ ဆိုလိုတဲ့ သဘောက မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ် ရေး အက်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (၁) အရ၊ စံငှားရမ်းခ သတ်မှတ် ပေး ပြီး ဆက်လက်နေထိုင်ခွင့် ပြု ထားတဲ့ တိုက်ခန်းဆိုရင် တိုက်ခန်း နေသူက တိုက်ခန်းကို ရောင်းချလွှဲ ပြောင်းခွင့် မရှိဘူးဆိုတဲ့ သဘော ပေါ့နော်”

“မှန်ပါတယ်၊ ဒါပေမယ့် မဖြစ် မနေ ဝယ်လိုက်မိပြီဆိုရင်တော့ ဥပဒေနဲ့အညီ ကုစားလို့တော့ရတာ ရှိတယ်”

“ပြောပြပါဦး ဆရာ”

“မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ် အက်ဥပဒေ ပုဒ်မ ၁၃ ပိုဒ်ခွဲ ၂ မှာ ငှားရမ်းခကြီးကြပ်ရေးဝန်ရုံး က အမိန့်ချမှတ်ထားတဲ့ အတွက် နေ ထိုင်ခွင့်ရထားသူဟာ အဆိုပါ တိုက်ခန်း၊ အိမ်ခန်း၊ ဥပစာကနေ မိမိအလိုအလျောက်ထွက်ခွာသွား မယ်ဆိုရင် ငှားရမ်းခကြီးကြပ်ရေး ဝန်က နေထိုင်ခွင့် အမိန့်ကို ဖျက် သိမ်းနိုင်တယ်လို့ ပြဋ္ဌာန်းထား တယ်၊ ဒါကြောင့် ကြီးကြပ်ရေးဝန် ရဲ့ နေထိုင်ခွင့်အမိန့်နဲ့နေသူဟာ အဆိုပါ ဥပစာက ထွက်ခွာသွား ရင် ဒါမှမဟုတ် ရောင်းသွားရင် အဲဒီ ဥပစာဟာ အခန်းလွတ်ဖြစ် သွားမှာဖြစ်တယ်။ ဝယ်သူက အလို အလျောက်နေထိုင်ခွင့်မရနိုင်ဘူး။ ဥပဒေနဲ့အညီ ဆက်လက်နေထိုင် ခွင့်ကို မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေး ဝန်ထံ လျှောက် ထားရ မှာဖြစ်တယ်”

“မြေရှင်က ရောင်းသွားတာ သိရင် ဘယ်လိုဆောင်ရွက်နိုင်သ လဲဆရာ”

“မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေး အက်ဥပဒေပုဒ်မ ၂၁ မှာ အိမ်ရှင် (မြေရှင်)က နေထိုင်ခွင့်ရ ထားတဲ့ အိမ်ငှားထွက်ခွာသွားတယ် လို့ သိတဲ့အခါ၊ ဒါမှမဟုတ် အခြား သူတစ်ဦးတစ်ယောက်က ဝင် ရောက်နေထိုင်တယ်လို့ သိတဲ့အခါ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ အိမ် ရှင်အား လက်ရောက်ပေးအပ်ရန် လျှောက်ထားနိုင်တယ်လို့ ပြဋ္ဌာန်း ထားတယ်။

ဒါနဲ့ ပတ်သက်လို့ “မိုဆက် တီးနှင့် မိုင်မွန်နာဘီဘီပါ နှစ်ဦး၊ ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၁၅၆” အမှု မှာ ကွယ်လွန်သူမူလအိမ်ငှား အနိစ္စရောက်ပြီး နောက်အခင်းဖြစ် တဲ့ အိမ်ခန်းသည် လစ်လပ်သည် ဟု ယူဆရမည်။ ယင်းသို့ လစ်လပ် နေသည့်အတွင်း သေဆုံးသူ၏ အ မည်ဖြင့် အခန်းခပေး၍ နေသူ သည် ကြီးကြပ်ရေးဝန်၏ အခွင့် အမိန့်တစ်စုံတစ်ရာ မရရှိဘဲ ထို အခန်းတွင် နေထိုင်သည်ဟု ယူဆ ရမည်။ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၂၁ အရ အိမ်ခန်းမှ ဖယ်ရှားထွက် ခွာစေရန် အမိန့်ချမှတ်နိုင်ကြောင်း ဆုံးဖြတ်ထားတယ်”

“ဟုတ်ကဲ့ပါ ဆရာ၊ ဥပဒေနဲ့ အညီဘယ်လို ဆောင်ရွက်ရမယ် ဆိုတာ သိပါပြီ ဆရာ”ဟု ဂါဝရ ပြု ထွက်ခွာသွားပါတော့သည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်