မိမိပိုင် အိမ်နှင့် မြေအဖြစ် ရောင်းချပြီးမှ မပိုင်ဟု ငြင်းဆိုခွင့် မရှိခြင်း
“ကျွန်တော့် ဦးလေးတစ် ယောက်က မြေနဲ့ အိမ်ဝယ်ပြီးမှ ရောင်းတဲ့သူက သူပိုင်မဟုတ်ဘူး။ မိခင်ပိုင်မြေနဲ့ အိမ်ပါဆိုပြီး အရောင်းအဝယ် ပျက်ပြယ်ကြောင်း တရားစွဲခံရလို့ ဆရာ”
စာရေးသူ၏ တပည့်တစ်ဦးက လာရောက်ဆွေးနွေးခြင်းဖြစ် သည်။
“မြေကွက်က ဘယ်သူ့အမည် ပေါက်လဲ၊ ရောင်းသူအမည်ပေါက် လား၊ မိခင်အမည်ပေါက်လား”
“အမည်ပေါက်တွေ မရှိဘူး ဆရာ။ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ လည်း မဟုတ်ဘူး။ အရင်ကတော့ ဥယျာဉ်ခြံမြေပေါ့ဆရာ၊ နောက် ပိုင်းတော့ ရပ်ကွက် အမည်ပေါက် နဲ့ ရွာမြေသဘောဖြစ်လာတာပေါ့”
“လယ်ယာမြေ ဥပဒေမှာ တော့ လူနေရပ်ကွက်အဖြစ် နှစ် ပေါင်းများစွာနေလာပြီး တည်ရှိ လာတဲ့ မြေဟာ မြေကွက် နံပါတ်နဲ့ ဂရန်မြေ မဟုတ်ပေမယ့် လယ် ယာမြေအဖြစ် မသတ်မှတ်ဘူးလို့ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့်မို့ တရားမတရားရုံးတွေမှာ တရားစွဲ လို့တော့ ရတယ်”
“တရားဝင်ရောင်းလို့ဝယ်လို့ ရလား ဆရာ”
“မှတ်ပုံတင် စာချုပ်စာတမ်း အဖြစ် မှတ်ပုံတင် အရောင်းအ ဝယ် စာချုပ် မပြုလုပ်နိုင်ပေမယ့် အရောင်းအဝယ်တော့ လုပ်လို့ရပါ တယ်။ ဒါပေမယ့် လက်ရောက်ရ ယူထားဖို့တော့ လိုတယ်ပေါ့။ နောက်ပိုင်း ဂရန်တွေ လျှောက်ခွင့် ရရင် လက်ရှိနေထိုင်သူက လျှောက်ခွင့် ရမှာဖြစ် တယ်။ ဒါနဲ့ အခုအဖြစ်အပျက်က ဘယ်အထိ ရောက်နေသလဲ”
“ဖြစ်တာက ရန်ကုန်မြို့ အင်း စိန်ဘက်မှာ ဆရာ”
“အေး-ဟုတ်ပါပြီ၊ ဖြစ်စဉ်က”
“မြေကွက်က ပေ ရဝx ပေ ၈ဝ ဝန်းကျင်လောက်ရှိမယ်။ ဒီ ဘက် ပေ ၄ဝ x ပေ ရဝ မြေကွက် မှာ အိမ်လေးတစ်လုံးရှိတယ်။ ပျဉ် ထောင်အိမ်ပဲ၊ အဲဒီအိမ်မှာ ညီဖြစ်တဲ့သူ မိသားစုက နေတယ်။ ကျန်တဲ့ တခြားမှာလည်း အိမ်ရှိတယ်။ အဲဒီ အိမ်မှာတော့ အစ်ကိုဖြစ် သူ နဲ့ မိခင်ကြီးနေတယ်”
“ဒီမြေကွက်က အဖေအမေ လက်ထက်က လက်ရှိနေတဲ့ မြေ ဖြစ်မှာပေါ့၊ အဖေက မရှိတော့ဘူး လား” ကျွန်တော်က ထင်မြင် ချက် ပေးမိသည်။
“အဖေက ဆုံးသွားတာကြာ ပြီ၊ အခုလည်း အမေက ကျန်းမာ ရေး မကောင်းလို့ ဆေးကုသစရိတ် မရှိတာနဲ့ ဒီဘက်တစ်ခြမ်းက အိမ် နဲ့ မြေကို ရောင်းတာ ဆရာ”
“ဒီတော့ မင်းရဲ့ ဦးလေးက ဝယ်လိုက်တယ်၊ ငွေအကြေချေ လိုက်လား၊ အဆောက်အအုံပေါ် ကို တက်နေကြပြီလား”
“ငွေအကြေချေပြီးပေမယ့် အိမ်က သိပ်မကောင်းတော့ တက် မနေဖြစ်ကြဘူး၊ ပစ္စည်းတချို့တော့ သွားထားပြီး သော့ခတ်ထားတယ်”
“ရောင်းတုန်းက ဘယ်သူတွေ လက်မှတ်ထိုးသလဲ”
“သားနှစ်ယောက်လုံးက သူတို့ ပိုင်တာဆိုပြီး လက်မှတ်ထိုးတယ်၊ သူတို့ရဲ့ မိန်းမတွေက အသိသက် သေအဖြစ် လက်မှတ်ထိုးတယ်၊ မိခင်ကြီးကတော့ နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲနေသူဆိုတော့ လက်မှတ်မထိုးခဲ့ဘူး။ အခု အဘွားကြီး ဆုံးတော့ ဒီစာချုပ်ဟာ အပေါင် ထားတာကို အရောင်းအနေနဲ့ ဟန် ဆောင်စာချုပ်ပါဆိုပြီး အိမ်နဲ့မြေ ကို လက်ရောက်ရလိုမှု တရားစွဲတာ ပဲ”
“အင်း-လူတွေကလည်း သစ္စာမရှိလိုက်ကြတာ။ ဒါနဲ့ ဝယ်စဉ်က စာချုပ်စာတမ်းတွေ ဆက်စပ်စာ ချုပ်တွေ မကြည့်ဘူးလား”
“ဒီမြေနဲ့ အိမ်ကို ညီအစ်ကိုနှစ်ယောက် အမည်နဲ့ ဝယ်ထားတဲ့ စာချုပ်တော့ မိတ္တူပေးလိုက်တယ်”
“အေး-မိမိပိုင်ပစ္စည်းအဖြစ် ရောင်းချပြီးမှ မိမိမပိုင်ပါဘူးဟု အမျိုးမျိုးပြောဆိုမယ်ဆိုရင် ဥပဒေအရ ပိတ်ပင်ထားတယ်။ ရောင်းချခြင်း က အတည်ဖြစ်တယ်လို့ သတ် မှတ်တယ်။ ဒါနဲ့ ပတ်သက်လို့ ရှင်း အောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ စီရင်ထုံးတစ်ခုရှိ တယ်”
ကျွန်တော်က စာအုပ်ဗီရိုထဲ က စီရင်ထုံး စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီး ဖတ်ပြလိုက်ပါ သည်။
“ဦးနေဝင်းနှင့် ဦးဝင်းမောင် ပါ ခုနစ်ဦး ၁၉၉၂ ခုနှစ်၊ မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၇၇”အမှုမှာ ဒေါ်အုန်းသင်၏ ခင် ပွန်း ဦးဘတင် ကွယ်လွန်သောအ ခါ ဒေါ်အုန်းသင်နှင့်သား ငါး ယောက်ကျန်ခဲ့သည်။ သား ငါး ယောက်က အချင်းဖြစ်မြေနှင့် တိုက်ကို ဦးချစ်ထွန်းတို့အား မှတ်ပုံ တင် စာချုပ်ဖြင့် ရောင်းချခဲ့သည်။ ဦးချစ်ထွန်းတို့က တစ်ဖန်ထိုမြေ နှင့် တိုက်ကို ဦးနေဝင်းအား ရောင်း ချပြန်သည်။ ယခုထိုမြေနှင့် တိုက် ကို ဦးနေဝင်း လက်ရှိ ပိုင်ဆိုင် လျက်ရှိသည်။
ထိုအခြေအနေတွင် ဒေါ်အုန်း သင် ကွယ်လွန်ပြီးဖြစ်သဖြင့် ၄င်း၏သား ငါးဦးတို့က ဦးချစ်ထွန်း၊ ဦးနေဝင်းတို့အပေါ် အချင်းဖြစ် တိုက် ရောင်းချခဲ့သည့် ၂၉.၁၁. ၆၈ နေစွဲပါ မှတ်ပုံတင် အရောင်း အဝယ် စာချုပ်ကို ပယ်ဖျက်ပေး ရန်နှင့် အချင်းဖြစ် ပစ္စည်းကို လက်ရောက်ပေးအပ်ရန် တရားစွဲ ဆိုသည်။
ရုံးတော်က သုံးသပ်သည်မှာ ဒေါ်အုန်းသင်၏သား ငါးယောက် က အချင်းဖြစ် မြေနှင့် တိုက်ကို ဦးချစ်ထွန်းတို့အား မှတ်ပုံတင် စာ ချုပ်ဖြင့် ၂၉.၁၁.၆၈ နေ့က နည်း လမ်းတကျ ရောင်းချခဲ့သည်။ ထို စဉ်က ဖခင်ဦးဘတင်ကွယ်လွန်ပြီး ဖြစ်သော်လည်း မိခင် ဒေါ်အုန်း သင်ရှိနေသည်။ မိခင်ရှိလင့်ကစား မိခင်မှာ စိတ်ရောဂါဝေဒနာရှင်ဖြစ် နေသဖြင့် သားငါးယောက်က မြေ နှင့် တိုက်ကို ၎င်းတို့ ညီအစ်ကို ငါး ယောက်ပိုင် ပစ္စည်းအဖြစ် ရောင်း ချကြောင်း ပေါ်ပေါက်သည်။ ယခု အခါ အဆိုပါ ပစ္စည်းမှာ ၎င်းတို့ ညီအစ်ကို ငါးဦးပိုင် ပစ္စည်းမဟုတ် ဘဲ မိခင်ဒေါ်အုန်းသင်ပိုင် ပစ္စည်း ဖြစ်သည်ဟု ပြောဆိုလာခြင်းဖြစ် သည်။
ထိုကဲ့သို့ မိမိပိုင်ဆိုင်မှုအပေါ် ယခင်က ပိုင်ဆိုင်သည်။ ယခုမပိုင် ဆိုင်တော့၍ မရောင်းနိုင်တော့ပါ ဟု ယခင်က တစ်မျိုး၊ ယခု တစ်မျိုး ပြောဆိုခြင်းမှာ သက်သေခံ အက် ဥပဒေပုဒ်မ ၁၅၅ အရ ပိတ်ပင် ထားသဖြင့် လက်ခံခွင့်ပြုနိုင်သည့် ကိစ္စ မဟုတ်ပေဟု သုံးသပ်ပြီး ဦးဝင်းအောင်ပါ ငါးဦးစွဲဆိုသည့် အမှုကို ပလပ်ခဲ့ပါသည်။
“ဒါကြောင့် မိမိပိုင်ပစ္စည်းပါ ဟု တရားဝင် ပစ္စည်းလက်ရောက် ရောင်းချပြီးမှ မိမိပိုင်ပစ္စည်းမဟုတ် ပါဟု ပြောဆိုပိုင်ခွင့်မရှိ၊ ဥပဒေအ ရ ပိတ်ပင်ထားတဲ့အတွက် အခု ငါ့တပည့်ရဲ့ ဦးလေးကိစ္စကိုလည်း တရားစွဲဆိုပိုင်ခွင့်မရှိဘဲ တရားစွဲဆို ထားတာဖြစ်လို့ ဝယ်သူအနေနဲ့ မနစ်နာ အနိုင်ရမည်ဖြစ်တယ်” ဟု ဆွေးနွေးပေးလိုက်ပါသည်။
ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်