အိမ်မြေဝယ်လျှင်အထူး သတိပြုရမည့် စာရွက်စာတမ်း အတုများ

တစ်နေ့က နေ့စဉ်ထုတ် သတင်းစာတစ်စောင်ထဲမှာ တရားမဝင် မြေရောင်း မြေဝယ်တွေ ပေါ် ပေါက်နေတယ်လို့ ဖတ်လိုက်ရ တယ်” ဟု မိတ်ဆွေတစ်ဦးက စတင် ဆွေးနွေးလာပါသည်။

“ဟုတ်တယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ မြို့ပြ လူဦးရေထူထပ်လာကြတော့ မြို့ပြ ဆင်ခြေဖုံး နေရာတွေကို တရား မဝင် ကျူးကျော်နေထိုင်သူတွေများ လာကြတယ်။ တချို့နေရာဆိုရင် ရွာကြီးတစ်ရွာအခြေအနေမျိုး ရောက်နေကြတယ်”

“နိုင်ငံတော်အစိုးရက တော့ မြို့ပြစီမံကိန်းတွေ လုပ်ပေး နေတယ် မဟုတ်လား”

“အဲဒီမြို့ပြစီမံကိန်းနဲ့ နီးတယ်ဆိုပြီး အကြောင်းပြချက်နဲ့ အားနည်းချက်ကိုရယူပြီး အ ရောင်းအဝယ်တရားမဝင်လုပ်နေကြ တာပဲ။ အခု ဆိုရင် နိုင်ငံတော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါး လျှော့ချရေးကို အလေးထားတဲ့ အနေနဲ့ ကျေးရွာ မြေငှား ဂရန် ထုတ်ပေးနိုင်ရေးအထူး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလို့ မြေငှား ဂရန်တွေ ထုတ်ပေးနေတယ်လေ”

“မြေခွန်ပြေစာအတုတွေပေါ်နေတာ ဆိုလားပဲ”ဟု မိတ်ဆွေက ပြောပြန်သည်။

“အတုကတော့ မြေခွန်ပြေ စာတစ်ခုတည်း မဟုတ်ဘူး။ မြေချ ပါမစ်အတု၊ မြေဂရန်အတုတွေ လည်းရှိတာပဲ”

“အဲဒါ ဘယ်လိုခွဲခြားမလဲ”

“အဲဒါ ဘယ်လိုခွဲခြားမလဲ ဆိုတော့ ငွေစက္ကူလို အတုအစစ် ခွဲခြားလို့ရတဲ့ စာရွက်နမူနာပုံစံ တော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီမြေ ကွက်ပြေစာကို ထုတ်ပေးတယ်ဆို တဲ့ သက်ဆိုင်ရာရုံးဌာနကို မေး မြန်းစုံစမ်းလို့ရတယ်”

“မြေကိုဝယ်မယ်ဆိုရင် မြေစာရင်း ဦးစီးဌာနကို စုံစမ်းရ မယ်ပေါ့ ဟုတ်လား”

“ကျေးရွာနဲ့မြို့ပြဆင်ခြေ ဖုံးနေရာတွေမှာတော့ နီးစပ်ရာ မြေ စာရင်းဦးစီးဌာနမှာ စုံစမ်းလို့ရ တယ်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီစတဲ့ တရား ဝင်ဌာနဆိုင်ရာတွေမှာ သွား ရောက်စုံစမ်းပြီး ခိုင်မာတယ်ဆိုမှ ဝယ်သင့်တယ်”

“ဒါဆိုရင် သက်ဆိုင်ရာ ဌာနက အတုအစစ်ခွဲခြားပေး တယ်ပေါ့”

“ဒီသဘောပေါ့လေ၊ တင်ပြတဲ့ မြေကွက်ပြေစာ၊ မြေကွက်ရဲ့ မြေချပါမစ်၊ မြေဂရန်တွေဟာ သက်ဆိုင်ရာဌာနက ထုတ်ပေးခဲ့ ခြင်းရှိ မရှိ၊ စိစစ်ပေးတယ်”

“သက်ဆိုင်ရာဌာနက ထုတ်ပေးတဲ့ စာရွက်စာတမ်း မဟုတ်ရင် လက်ဝယ်ရှိသူမှာ အပြစ် ရှိသလား”

“မှန်ကန်တဲ့ စာရွက်စာတမ်း မဟုတ်မှန်းသိလျက်နဲ့ မြေကွက်ကို အကြောင်းပြရောင်းမယ်ဆိုရင် အပြစ်ရှိသွားမှာပေါ့။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖြစ်မယ် ထင်တယ်။ မိတ်ဆွေတစ်ဦးက ရန်ကုန်မြို့ပြ ဆင်ခြေဖုံးမြို့နယ်တစ်ခု မှ မြေဂရန်ရှိပြီး မြေကွက်တစ် ကွက် ကို ဝယ်လိုက်တယ်။ နောက်မှာ မြေကွက်သွားကြည့်တော့ အ ခြားလူတွေနေကြတာကို တွေ့ရတယ်။ ဒါနဲ့ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ သွားပြီးစုံစမ်း တော့ ဒီမြေဂရန်ဟာ မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ် ပေးထားတဲ့ မြေဂရန် စာချုပ် မဟုတ် ဘူးလို့ ပြန်ကြားစာရခဲ့ တယ်။ ဒီမှာပဲ သူ့ကို လိမ်လည် ရောင်းချတယ်ဆိုပြီး တရားစွဲလို့ ရောင်းချသူတွေ ထောင်ဒဏ်ကျခံ ခဲ့ရတယ်။ ဒါကြောင့် သိလျက်နဲ့ ရောင်းရင်တော့ အပြစ်ရှိမှာဖြစ် တယ်”

“လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင် ဘယ်လိုလုပ် မလဲ”

“လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင်တော့ ဝယ်သူ က အဆုံးရှုံးခံရမှာပေါ့”

“မြေချပါမစ် နှစ်ခုထပ်နေ မယ်၊ မြေဂရန်နှစ်ခုထပ်နေရင် သက်ဆိုင်ရာဌာနက ဘယ်သူ့ကို တရားဝင်အသိအမှတ်ပြုမလဲ”

“ဒါလည်းမကြာခဏဖြစ်တတ်တဲ့ ကိစ္စပဲ။ မြေချပါမစ်နှစ်ခု၊ မြေဂရန်နှစ်ခုထပ်နေမယ်ဆိုရင် သက်ဆိုင်ရာ ဌာနက စိစစ်ပြီး အမှန် တကယ်ထုတ်ပေးထားတဲ့ စာရွက်စာတမ်းကို အတည်ပြု ကြောင်းနဲ့ မမှန်မကန်ရယူထားတဲ့ စာရွက်စာတမ်းကို ပယ်ဖျက် ကြောင်း ကြေညာ မှတ်တမ်းတင် ပေးမှာဖြစ်တယ်”

“ဒီလိုဆိုတော့လည်း မြေ မဝယ်မီမှာ သေချာစုံစမ်းသင့် တယ်”

“ဟုတ်တယ်၊ ဒါနဲ့ပတ် သက်လို့ ဗဟုသုတအဖြစ် ပြောရ ရင် နေ့စဉ်ထုတ် သတင်းစာ တစ် စောင်မှာ မြို့ပြစီမံကိန်းနှင့် မြေစီ မံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အများသိစေရန် ကြေညာချက် ထုတ်ပြန်ပေးတာမျိုးရှိတယ်”

မြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (x)၊ မြေကွက်အမှတ် (xx) အား ဦး…အမည်ပေါက်မြေချ ပါမစ် တင်ပြပြီး၊ ဦး…မှ အမှုတွဲ အမှတ် (x)ဖြင့် ဂရန် လျှောက် ထားရာ မြေငှားစာချုပ်အမှတ် ဖြင့် (xxx)နေ့တွင် ၎င်းအမည်ပေါက် မြေငှား စာချုပ် (ဂရန်) ထုတ်ယူ သွားပြီးဖြစ်ပါသည်။

အဆိုပါ မြေကွက်ကိုပင် ပါမစ်အမည်ပေါက်ဦး …ထဲမှ ဝယ်ယူထားသူ ဒေါ်… မှ ပါမစ်မူရင်း တင်ပြ၍ ဂရန်သစ် လျှောက် ထားလာ သည်။

မြေကွက်တစ်ကွက်တည်း ကိုမြေချပါမစ် နှစ်စောင်ထွက်နေ သဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသို့ အတည်ပြုမေးမြန်းခဲ့ ရာ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပထမ ဦး…တင်ပြ သော မြေချပါမစ်မှာ ၄င်းဦးစီးဌာနမှ ထုတ်ပေးထားသော ပါမစ်မ ဟုတ်ကြောင်း ပြန်ကြားလာသဖြင့် ဦး…ထံသို့ ထုတ်ယူသွားသော မြေငှား စာချုပ်မူရင်းအား ဌာနသို့ ပြန်လည်အပ်နှံရန် သုံးကြိမ်တိုင် တိုင် အကြောင်းကြားပြီးဖြစ်သော် လည်း ဌာနသို့ လာရောက်အပ်နှံ ခြင်းမရှိပါသဖြင့် မြေဂရန် လျှောက်ထား ရယူသွားသော မြေ ငှားစာချုပ်အ မှတ် (x) ဦး … အမည်ပေါက်မြေငှားစာချုပ် ဂရန်စာအုပ်အား မြို့မြေစာရင်းမှ ပယ်ဖျက်ပြီးကြောင်း အသိပေး ကြော်ငြာ အပ်ပါသည်” လို့ ဖော် ပြ ကြော်ငြာပေးပါတယ်”

“ဒါဆို အဝယ်မမှားအောင် သေချာစိစစ်ဖို့လိုပြီပေါ့”

“မှန်တယ် သူငယ်ချင်း၊ ခိုင်မာတဲ့ အထောက်အထားဟုတ် မဟုတ်သေချာစုံစမ်းစစ်ဆေးပြီးမှ ဝယ်သင့်တယ်။ ဒါမှမဟုတ်ရင် ဆုံးရှုံးမှု များနဲ့ ရင်ဆိုင်နိုင်ပြီး မလို လားအပ်တဲ့ ပြဿနာတွေဖြစ်ပေါ် လာနိုင်လို့ မြေနဲ့ အိမ်ကိုဝယ်ရင် အထူးသတိပြုသင့်တယ် သူငယ်ချင်း”

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်