၁၂ နှစ်ကျော် နေထိုင်လာသူထံမှ မြေနှင့်အိမ်ကို ဝယ်လျှင်
“ရောင်းမယ့် အိမ်နဲ့ မြေက ပိုင်ရှင်အစစ်မဟုတ်လို့ ဝယ်ဖို့ အဆင်ပြေပါ့မလား ဆရာ” ဟု တပည့်တစ်ဦးက လာရောက်ဆွေး နွေး ပါသည်။
“ပိုင်ရှင်အစစ်မဟုတ်ဘူးဆို တာက ဘာကို ပြောတာလဲ၊ မြေ ပိုင်ရှင်က သေဆုံးသွားလို့လား”
“အဲဒီလိုတော့ မဟုတ်ဘူး ဆရာ၊ ဘယ်လိုပြောရမလဲ”
“ဘယ်လိုမှ မပြောနဲ့တော့၊ သေချာလေ့လာခဲ့မှပေါ့ကွယ်၊ ကဲ- ဆရာမေးတာပဲ ဖြေတော့”
“ဟုတ်ကဲ့ ဆရာ”
“မြေနဲ့ အိမ်အမည်ပေါက်ပိုင် ရှင်က တစ်ယောက်၊ အခုရောင်း မယ်ဆိုတဲ့ သူက တစ်ယောက်ဖြစ် နေတာပေါ့”
“ဟုတ်တယ် ဆရာ”
“ရောင်းမယ်ဆိုတဲ့ သူက အဲဒီ အိမ်နဲ့ မြေကို ဝယ်ထားတာလား၊ ဘယ်လို ပိုင်ဆိုင်လာတာလဲ”
“ရောင်းမယ်ဆိုတဲ့ သူရဲ့ပြော စကားအရတော့ အခုအိမ်နဲ့ မြေ ပေါ်မှာနေတာ အနှစ် ၂ဝ နီးပါးရှိ ပြီလို့ ပြောတယ်”
“ဒါဆိုရင် မြေပိုင်ရှင်က သူတို့ ကို ခွင့်ပြုချက်နဲ့ ထားတာလား”
“အိမ်မြေပိုင်ရှင်က သူ့ကို ကျူး ကျော်နေထိုင်တယ်ဆိုပြီး တရား စွဲခဲ့တယ်”
“အဲဒီတော့ အမှုကောပြီးသွား ပြီလား”
“အိမ်မြေပိုင်ရှင်ရဲ့ တရားစွဲ ဆိုမှုက ကာလစည်းကမ်းသတ် ၁၂ နှစ်ကျော်သွားလို့ တရားစွဲတာ ရှုံး သွားတယ်ပြောတယ်”
“သူတို့က အနိုင်ရတယ်ပေါ့၊ ၁၂ နှစ်ကျော်လို့ ပိုင်ရှင်ကို ဆန့် ကျင်နေထိုင်ခွင့် ရသွားတာဖြစ် မယ်”
“ဟုတ်တယ် ဆရာ၊ အခုသူ တို့က အိမ်နဲ့ မြေကို ရောင်းမှာ ဆရာ”
“ဒါမျိုးကတော့ ဂရုစိုက်ပြီး ဝယ်ဖို့လိုတယ်၊ ရောင်းတဲ့သူက လည်း နောက်ထပ်အမှုအခင်း အရှုပ်အရှင်းကင်းအောင်ဆိုပြီး သင့် တဲ့ စျေးနဲ့ လွယ်လွယ်ကူကူရောင်း သွားမယ့် သဘောဖြစ်မယ်”
“ဟုတ်တယ်ဆရာ၊ စျေးသင့် လို့ ဝယ်မယ့်သူက သမီးဆီလာပြီး စာရွက်စာတမ်း စစ်ဆေးပေးပါလို့ ပြောတယ်။ သမီးလည်းမေးကြည့် လိုက်တော့ ရှုပ်ထွေးနေတာနဲ့ ဆရာ့ဆီ အကြံလာတောင်းတာ ဆရာ” ဟု တပည့်ဖြစ်သူ မိန်းက လေးက ရှင်းပြပါသည်။
“ဘယ်လိုနည်းနဲ့ ကျူးကျော် နေထိုင်လာကြတယ်ဆိုတာတော့ မသိဘူးပေါ့ကွယ်၊ အဲဒီလို နေထိုင် လာခဲ့တာ ၁၂ နှစ် ကာလကျော်ခဲ့ ရင် ကာလစည်းကမ်းသတ် အက် ဥပဒေအရ ပိုင်ရှင်ဆိုသူက တရား စွဲဆိုဖယ်ရှားပိုင်ခွင့်မရှိတော့ဘူး။ အချင်းဖြစ်မြေနဲ့ အိမ်မှာနေတဲ့ သူ တွေက ပိုင်ရှင်အပေါ် ဆန့်ကျင်နေ ထိုင်ခွင့်ရသွားပြီဖြစ်တယ်၊ တချို့ ကလည်း အဲဒီအခြေအနေကို ပစ္စည်းအပေါ် ဆန့်ကျင်ပိုင်ဆိုင် ခွင့် ရသွားပြီဆိုပြီး သတ်မှတ်ခေါ်ဝေါ် ကြတယ်။ အဲဒီမြေအိမ်၊ တိုက်ခန်း စတဲ့ မိမိနေထိုင်တဲ့ အဆောက်အ အုံ ဥပစာကို မိမိတို့ ပိုင်သွားပြီလို့ ယူဆကြတယ်။ ဒါနဲ့ပဲ ထပ်ဆင့် ရောင်းချတာတွေဖြစ်လာတာပေါ့”
“အဲဒီလိုရခဲ့တဲ့ အဆောက် အအုံ ဥပစာကို ဝယ်ရင် တရားဝင် ပါ့မလား ဆရာ”
“တိုက်ခန်းမှာ အမည်ပြောင်း ဖို့ ကိစ္စ အခက်အခဲရှိနိုင်သလို၊ မြေ နဲ့ အိမ်ဆိုရင်လည်း အရောင်းအ ဝယ်မြေပုံကူးယူဖို့ အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ချုပ်ဆိုဖို့ ဂရန် မြေအမည်ပြောင်းဖို့စတဲ့ ကိစ္စတွေ မှာ အမည်ပေါက်သူက တာဝန်ယူ မှာ မဟုတ်တဲ့အတွက် အခက်အခဲ တွေ့မှာဖြစ်တယ်”
“ဆရာပြောတော့ ဆန့်ကျင် ပိုင်ဆိုင်တယ်ဆို”
ဒါက အားလုံးက လွယ်လွယ် ပြောနေကြတာ၊ တရားရုံးက ပိုင် ဆိုင်သွားပြီလို့ ဆုံးဖြတ်တာ မဟုတ် ဘူး။ တရားစွဲဆိုခွင့် ကာလကျော် လွန်သွားပြီလို့ ဆုံးဖြတ်ပေးလိုက် တာဖြစ်တယ်။ ဒါပေမယ့် ကာလ စည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂၈ မှာ တရားစွဲဆိုဖို့ ကန့်သတ် ထားတဲ့ ကာလအပိုင်းအခြားကုန် ဆုံးသွားရင် အချင်းဖြစ်ပစ္စည်း ပိုင်ဆိုင်ခွင့်သည်လည်း ကုန်ဆုံးပြတ်စဲ သွားပြီလို့ ပြဋ္ဌာန်းထားတဲ့ အတွက် နေထိုင်နေသူက ပစ္စည်းကို ပိုင်ဆိုင် သွားပြီလို့ ယူဆကြတာဖြစ်တယ်”
“ဒါဆိုရင် ပိုင်ရှင်က ပိုင်ဆိုင် ခွင့်ဆုံးရှုံးသွားပြီပေါ့နော်”
“ငါ့တပည့်ကို ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ စီရင်ထုံးတစ်ခုကို ဖတ်ပြမယ်”
စာရေးသူက စာအုပ်စင်ပေါ် က စီရင်ထုံးစာအုပ်ကို ဆွဲယူလိုက် ပြီး ဖတ်ပြလိုက်ပါသည်။
ဒေါ်ငန်လွယ်ပါ ရှစ်ဦးနှင့် ဒေါ်တွဲလျန်ပါ သုံးဦး ၊ ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၉၂ အမှုတွင် ဒေါ်တွဲ လျန် တို့က အချင်းဖြစ် မြေနှင့်အိမ်ကို တရားမစွဲဆိုမီ ၅၅ နှစ်ခန့်မှစ၍ ဆန့်ကျင်လက်ရှိထားခဲ့သဖြင့် ယင်း မြေနှင့်အိမ်ကို ပိုင်ဆိုင်ကြောင်း မြွက် ဟကြေ ညာပေး ရန် တရားရုံး တွင် ဒေါ်ငန်လွယ်တို့အပေါ် တရားစွဲဆိုလျှောက်ထားခဲ့ခြင်းဖြစ် သည်။
တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ ဒေါ်တွဲလျန်အဆိုပြုသည့်အတိုင်း အချင်းဖြစ် မြေနှင့်အိမ်ကို ပိုင်ရှင်တို့အား ဆန့်ကျင်၍ ၁၂ နှစ် ကျော် လက်ရှိထားခဲ့ပါမူ၊ ဆိုင်ရာ ပိုင်ရှင်တို့အနေဖြင့် ယင်းပစ္စည်း များတွင် ပိုင်ဆိုင်ခွင့်မှာ ကာလ စည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၂၈ အရ ကုန်ဆုံးပြတ်စဲသွားပေ မည်။
ပိုင်ရှင်တို့အနေဖြင့် ကာလ စည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂၈ အရ ပိုင်ဆိုင်ခွင့် ကုန်ဆုံးပြတ် စဲစေကာမူ၊ ဒေါ်တွဲလျန်တို့သည် ယင်းသို့ဆန့်ကျင် လက်ရှိထားခြင်း ဖြင့် အချင်းဖြစ် မြေနှင့်အိမ်၏ ပိုင် ရှင်အဖြစ်သို့ ရောက်စေရမည်ဟု အဆိုပါ ပုဒ်မ ၂၈ တွင် ပြဋ္ဌာန်း ထားခြင်းမရှိပေ။
အချင်းဖြစ်ပစ္စည်းများ၏ ပိုင်ရှင်တို့က ဒေါ်တွဲလျန်တို့အပေါ် ယင်းပစ္စည်းများကို လက်ရောက်ရလိုကြောင်း တရားစွဲဆိုခွင့် မရှိတော့ခြင်းမှာ အချင်းဖြစ်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဒေါ်တွဲလျန်တို့၏ ပိုင်ရေးပိုင်ခွင့်နှင့် သက်ဆိုင်သည်ဟု မဆိုနိုင်ပေ။ ထို့ကြောင့် ဒေါ်တွဲလျန်တို့စွဲဆိုသော အချင်း ဖြစ်မြေနှင့် အိမ်ပိုင်ဆိုင်ကြောင်း ကြေညာပေးရန် စွဲဆိုမှုအားပလပ် ကြောင်း အမိန့်ချမှတ်ခဲ့သည်လို့ ဖော်ပြထားတယ်”
“ဒါကြောင့် ၁၂ နှစ်ကျော် ဆန့်ကျင်နေထိုင်လာရုံနဲ့ အဆိုပါ ပစ္စည်းကို အလိုအလျောက် ပိုင် ဆိုင်ခွင့်ရပြီး ပိုင်ရှင်ဖြစ်လာမှာ မဟုတ်ဘူး။ နေပိုင်ခွင့်ဆက်လက် ရှိနေခြင်းကို ဆိုလိုတာဖြစ်တယ်။ ပိုင်ရှင်က မိမိကို အဆိုပါ အ ဆောက်အအုံမှ ဖယ်ရှားပေးရန် တရားစွဲဆိုခွင့် မရှိခြင်းသာ ဖြစ် တယ်၊ ဥပဒေအရ ပိုင်ရှင်ဖြစ်လာ မှာ မဟုတ်ဘူး”
“ဒါဆို ရောင်းလို့မရဘူးပေါ့”
“အရောင်းအဝယ်လုပ်လို့ မရ ဘူးတော့ မဟုတ်ဘူး။ ပစ္စည်းတစ် ခုကို ရောင်းသူဝယ်သူ သဘောတူ ရင် အရောင်းအဝယ်ဖြစ်ကြတာပဲ။ ဒါပေမယ့် အခုလို အခြေအနေမျိုး က ဥပဒေနဲ့အညီ တရားဝင်ပိုင် ရှင် မဟုတ်တဲ့အတွက် ရောင်းမယ် ဆိုရင် ကန့်ကွက်တာ၊ တရားစွဲဆို တာတွေဖြစ်နိုင်တဲ့အတွက် ဒီအ ချက်တွေကို ရင်ဆိုင်နိုင်မှသာ ဝယ် ပါ”လို့ အကြံပြု ပြောကြားလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်