BOT စနစ်ဖြင့် အဆောက်အဦးဆောက်လုပ်ရန် မြေငှားရမ်းမည်ဆိုလျှင်
“တို့ဆီမှာပဲ မြေငှားစားကြတယ် မှတ်တာကွယ်၊ ဒီမှာလည်း မြေငှားမယ်ချည်းပါပဲလားနော်”
စာရေးသူက ကားမောင်းနေစဉ် ဘေးတွင်ထိုင်၍ လိုက်ပါလာသော အညာသားသူငယ် ချင်းဖြစ်သူမှ အညာဒေသ လေလံဖြင့် ပြောလိုက် ခြင်းဖြစ်သည်။
အမှန်မှာ ကားလမ်းဘေးတစ်လျှောက်တွင် မြေကွက်ငှားမည်ဟူသော ဗီနိုင်းဆိုင်းဘုတ်များကို တွေ့ လိုက်ခြင်းကြောင့် ဖြစ်သည်။
“စီးပွားရေးလုပ်ငန်း ပွင့်လင်းလာတာနဲ့အမျှ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေတိုးတက်များပြားလာတယ်။ အဲဒီတော့ မြေနေရာတွေ လို အပ်လာတာပေါ့”
“ရန်ကုန်မြို့ကို စီးပွားရေးမြို့ တော်အဖြစ် သတ်မှတ်ဆောင်ရွက်နေတာဆိုတော့ မြေငှားပြီး စီးပွားရေး လုပ်တာတွေရှိလာပြီပေါ့နော်”
“ဟုတ်တယ် သူငယ်ချင်း၊ မြေငှားပြီး လက်ဖက်ရည်ဆိုင်ဖွင့်မယ်။ အဆောက်အအုံဆောက်ပြီး ကားပြ ခန်းတွေလုပ်တယ်။ ကားပြင်ရုံတွေ ဆောက်တယ်။ ဒီလိုနဲ့ စီးပွားရေးလုပ် ငန်းကျယ်ပြန့်လာတဲ့ သဘောပေါ့”
“အမှန်ပြောရရင် အစကဒီလိုမထင်ခဲ့ဘူး။ အဆင့်မြင့်တိုက်တွေနဲ့ တိုက်ခန်းနေသူတွေသာ များမယ်ထင် ထားတာ”
“မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်၊ လှိုင်သာယာစတဲ့ မြို့နယ်တွေက ရန်ကုန်မြို့ရဲ့ မြို့ပလို့ ခေါ်တဲ့ မြို့ပြင်ဧရိယာဖြစ်တယ်။ ဒါ ကြောင့် လုံးချင်းအိမ်တွေ၊ မြေကွက် လပ်တွေ ကျန်ရှိနေတာဖြစ်တယ်”
“မြို့ထဲသွားမလို့ဆိုပြီး ပြောနေ ကြတဲ့ မြို့ထဲဆိုတာက ဘယ်နေရလဲ”
“အခု တို့သွားနေတဲ့ ဆူးလေဘုရားတစ်ဝိုက် ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ လသာ မြို့နယ်စတဲ့ မြို့တွင်း ၁၆ မြို့နယ်ကို ပြောတာဖြစ်တယ်။ အဲဒီမှာတော့ သူငယ်ချင်းပြောသလို အဆင့်မြင့် တိုက်ခန်းတွေ ပဲများတယ်။ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်ဆိုရင်လည်း တိုက်ခန်းကို ငှားရမ်းဖွင့်ကြတာဖြစ် တယ်”
“တို့ဆီမှာတော့ မြေငှားပြီး ဗီဒီယိုရုံဆောက်ကြတာက အဆင်ပြေကြတယ်။ ဆယ်နှစ်လောက်ငှားပြီး နှစ် စေ့ရင်တော့ အဆောက်အအုံကိုပါ မြေရှင်ကိုပေးခဲ့တဲ့ စနစ်တွေဖြစ်လာတယ်”
“B.O.T စနစ်လို့ ခေါ်တာပေါ့။ အခုအခါမှာတော့ ငွေကြေးရင်းနှီးမြှုပ်နှံသူတွေက မြေငှားပြီး အဆောက်အအုံ ဆောက်လုပ်တာတွေရှိလာတယ်”
“အေး-ပြောပါဦး သူငယ်ချင်း ရာ၊ မင်းသိမယ်ထင်တယ်။ တို့နေတဲ့ အိမ်ရဲ့ဘေးကမြေကွက်လပ်ရှိတယ်လေ”
“အင်း -ဒေါ်လေးသစ်က ပန်းပင်တွေ စိုက်ထားတယ် မဟုတ်လား”
“အေး၊ အဲဒီမြေကွက်မှာ အဆောက်အအုံဆောက်ပြီး ကျူရှင်ဖွင့်မယ်ပြောတယ်။ နောက်ကြာရင်တော့ ဘော်ဒါဆောင်သဘောမျိုးဖွင့်ချင် တယ်ပြောတယ်။ အမေကတော့ သိပ် သဘောမတူချင်ဘူး”
“အေးပေါ့လေ၊ ဒေါ်လေးသစ်က သူ့ပန်းပင်တွေကို နှမျောနေမှာပေါ့”
“ဒါလည်းပါတယ်။ အသက်အရွယ်ကြီးလာပြီဆိုတော့ မျက်စိရှုပ် တယ်ဆိုပြီး သိပ်မငှားချင်ဘူး။ တကယ်လိုများ ငှားဖြစ်ရင် ဘယ်လို စာချုပ်ချုပ်ရမယ်။ ဘယ်ကာလနှစ် အထိ ငှားရင်ကောင်းမယ်ဆိုတာ သူငယ်ချင်းအနေနဲ့ ဥပဒေအမြင်အရ ရှင်းပြပါလား”
“ဒီအတိုင်းတော့ မရဘူး။ ရှေ့ နားက ထမင်းဆိုင်မှာ နားရင်းပြော တာပေါကွာ”
စာရေးသူက ဧည့်သည်ကို ဒကာခံခိုင်းလိုက်ခြင်းဖြစ်သည်။
“ပထမအချက်ကတော့ ဥပဒေနဲ့အညီ မြေငှားစာချုပ် ချုပ်ဆိုကြရမှာ ဖြစ်တယ်။ အဲဒီမြေငှားစာချုပ်မှာ ကာလအားဖြင့် နှစ်မည်မျှကြာငှား ရမ်းမယ်။ နှစ်စဉ်ငှားရမ်းခမည်မျှ သတ်မှတ်မယ်။ အဆောက်အအုံပုံစံ ဘယ်လိုဆောက်မယ်ဆိုတာတွေကို အသေးစိတ်ဖော်ပြချုပ်ဆိုရပါမယ်”
“အချို့က ပြောတော့ နှစ် ၅၀ ပဲ ငှားရမ်းခွင့်ရှိတယ်လို့ ပြောတယ်။ ဟုတ်ပါသလား”
“ဒီလိုတော့ မဟုတ်ပါဘူး။ အနည်းဆုံး ၅ဝ နှစ် + ၁၀ နှစ် + ၁၀ နှစ် တော့ ငှားရမ်းကြတယ်။”
“နှစ်စေ့လို့ ပြန်အပ်မယ်ဆိုတဲ့ ကိစ္စက ဘယ်လိုဆောင်ရွက်မလဲ”
“ဥပမာ-မြေငှားရမ်းကာလ ၅ဝနှစ်ဖြစ်ပြီး အဆောက်အအုံဆောက်မယ်ဆိုပါစို့။ လက်ရှိကာလမှာ အဆင့်မြင့်တိုက်တွေ ဆောက်ပြီးတိုက် ခန်းတွေရဲ့ အကျိုးအမြတ်ဖြစ်တဲ့ ရောင်းချလွှဲပြောင်းခြင်းကိစ္စတွေကို မြေငှားယူသူက ခံစားခွင့်ရှိမှာဖြစ်တယ်။ ငှားရမ်းကာလပြည့်သွားရင် တော့ အငှားချထားသူ မြေရှင်ကို အဆောက်အအုံအပါအဝင် အဆောက်အအုံနှင့် ဆက်စပ်ပတ်သက် နေသော ပစ္စည်းအားလုံးကို ကောင်း မွန်စွာပုံမှန်အသုံးပြုနိုင်တဲ့ အခြေအ နေအတိုင်း အဖိုးစားနားမဲ့ လွှဲပြောင်း ပေးရမှာဖြစ်ပါတယ်”
“ဆက်လက်ငှားရမ်းမယ်ဆိုရင် ဘယ်လို ဆောင်ရွက်ရမလဲ”
“ငှားရမ်းခအသစ်ပြန်လည် သတ်မှတ်ပြီးနှစ်အကန့်အသတ်နဲ့ ဆက်လက်ငှားရမ်းကြပါတယ်”
“သဘာဝဘေးအန္တရာယ်ကိစ္စ တွေတော့ထည့်ပြီး စာချုပ်မှာ ချုပ်ဆိုကြတာပေါ့နော်”
“မှန်ပါတယ်။ မလွန်ဆန်နိုင်တဲ့ အကြောင်းတရား၊ မတားဆီးနိုင်တဲ့ ဖြစ်ရပ်မျိုးဆိုရင်တော့ ငှားယူသူမှာ တာဝန်မရှိဘူးပေါ့။ ဒီလိုပဲ ငှားယူသူ ဆောက်လုပ်ထားတဲ့ အဆောက်အ အုံဟာ သဘာဝဘေးဒုက္ခ တစ်ခုခု ကြောင့် ဥပမာ-ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့မယ်ဆိုရင် မြေရှင်က တာဝန်ရှိမှာ မဟုတ်ပါဘူး”
“မြေငှားစာချုပ်ကို စာချုပ်စာ တမ်းရုံးမှာ မှတ်ပုံတင်ဖို့လိုပါသေး သလား”
“ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင်တော့ မြေငှားစာချုပ်ကို မှတ်ပုံ တင်ချုပ်ဆိုရမှာဖြစ်ပါတယ်။ စာချုပ် စာတမ်းများမှတ်ပုံတင်ဥပဒေအရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ နှစ် အလိုက်ငှားရမ်းခ သတ်မှတ်၍ငှား ရမ်းခြင်းများမှာ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းထဲမှာ ပါဝင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် နှစ်ရှည်မြေငှားရမ်းခြင်းကိစ္စမှာလည်း ငှားရမ်းခြင်းကတိစာချုပ်ကို မှတ်ပုံ တင်ချုပ်ဆိုရမှာဖြစ်ပါတယ်”
“မြေရှင်အနေနဲ့ မြေငှားပြီး အဆောက်အအုံဆောက်လုပ်သူကို တရားစွဲဆိုနှင်တာတွေလည်း ရှိနိုင် သလား”
‘မရှိဘူးလို့တော့ အတိအကျပြောလို့မရဘူး။ ကတိစာချုပ်ပါအတိုင်း ငှားရမ်းခမပေးတာ၊ မြေငှား သက်တမ်း ကုန်ဆုံးပြီးနောက် ဆက်လက်နေထိုင် အသုံးပြုနေတာတွေရှိလာရင် တရားစွဲဆိုတဲ့အထိ ဖြစ်လာတာတွေလည်း ရှိကြတယ်။
ဒါကြောင့် အငှားစာချုပ်ကို ဥပဒေနဲ့အညီမှတ်ပုံတင်စာချုပ်အဖြစ် စာချုပ်စာတမ်းရုံးမှာ ချုပ်ဆိုဖို့လိုပါတယ်”
“မှတ်ပုံတင် စာချုပ် ချုပ်ဆိုရင် အခွန်ထမ်းဆောင်ရတယ်လို့ သိရတယ်”
“ဥပဒေနဲ့အညီ ခံစားခွင့်ရချင်ရင်တော့ သတ်မှတ်ထားတဲ့ အခွန်အခကိုလည်း ထမ်းဆောင်ရမှာပေါ့ သူငယ်ချင်း”ဟု ရှင်းပြလိုက်မိပါသည်။
Credit to: ဈေးကွက်ဂျာနယ်